(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီ လမ်းမကြီးတလျှောက်အား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတဦးထိခိုက်ကာ နေအိမ် (၂) လုံး ပျက်စီးခဲ့သည်ဟု CDF-Mindat က ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
“ဇူလိုင် (၃၁) ညနေ ခြောက်နာရီမှာ လေကြောင်းနဲ့ တိုက်လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ။ နေအိမ်ပျက်စီးတာနဲ့ အရပ်သားတဦး အနည်းကျဉ်းဒဏ်ရာရပါတယ်၊ ဘာမှတော့ ကြီးကြီးမားမားမဖြစ်ပါဘူး” ဟု ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့နယ်၊တိုက်နယ်အမှတ် (၃) မင်းတပ်-မတူပီလမ်းမကြီး မိုင်တိုင်အမှတ် (၂၀) ဝန်းကျင်တနေရာကို ယမန်နေ့ ဇူလိုင် ၃၁ ရက်ညနေပိုင်းတွင် စစ်ကောင်စီက နှစ်ကြိမ်ထက်မနည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ (၃၀) ရက်နေ့တွင်လည်း မင်းတပ်မြို့နှင့် (၅) မိုင်အကွာအဝေးတွင်ရှိသည့် တိုက်နယ်အမှတ် (၃) ကျေးရွာအပြင်ဖက်အား မင်းတပ်မြို့ပေါ်အထိုင်ချတပ်စွဲသည့် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းဖြင့် တိုက်ခိုက်မူ ပြုလုပ်ခဲ့သောကြောင့် နေအိမ်တလုံး ပျက်စီးခဲ့သည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်တဦးက”လက်နက်ကြီးနဲ့ပစ်တာ (၄) ကြိမ် လောက်ကြားတယ်၊အခုချိန်မှာတော့ ညနေပိုင်းတွေဆိုရင် လှမ်းပစ်တယ်မင်းတပ်မြို့ပေါ်က ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ကြီးနဲ့ မြို့ပတ်ဝန်း ကျင်တွေ၊ကျေးရွာတွေကိုလည်း ရမ်းသမ်းပြီးပစ်တယ်” ဟုပြောသည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဘောင်ကျေးရွာမှ အရပ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီး ကျောင်း ပျက်စီးခဲ့သည်ဟု သိရသည်။
ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မူကြောင့် CDF-မင်းတပ် ရဲဘော် (၂) ဦး အရပ်သား (၃) ဦးသေဆုံးကာ ပြည်သူ (၃၁) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် ဝမ္မသူးဆေးရုံးအပါအဝင် ခရစ်ယာန်ဘုရားကျောင်း (၂) လုံး၊ စာသင်ကျောင်း (၁) လုံးနှင့် လူနေအိမ် (၂၄) လုံး ပျက်စီးခဲ့ရသည်။