(06SV)
ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ညနေပိုင်းက ကင်းလှည့်လာသော စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ရာမှာ ၇ ဦး သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ ထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီခွဲခန့်မှာ မင်းတပ်မြို့၊ အရှေ့ဘက်က သစ်တောဝိုင်းအနီးမှာ စစ်သားနှင့်ရဲများ ပူးပေါင်းကင်းလှည့်လာသော ကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
“စစ်သားနဲ့ ရဲနဲ့ ရောထားတဲ့ ကင်းလှည့်လာတဲ့ ကားတစ်စီးကို ကျနော်တို့ဘက်က သူတို့ကင်းလှည့်လာတဲ့အချိန်မှာ အနီးကပ်တိုက်ခိုက်တာပေါ့။ စစ်သား ၃ ဦးက နေရာတွေမှာ လုံးဝ မထနိုင်အောင် ပွဲချင်းပီ သေသွားတယ်။ ကျန် ၄ ဦးကတော့ စစ်သားလား၊ ရဲလား မသဲကွဲလိုက်ဘူး။ အနီးကပ်တိုက်ခိုက်ချိန်မှာ ကားက ရပ်သွားတယ်။ သူတို့ဘက်က ပြန်မပစ်နိုင်ခဲ့ဘူး။ သစ်တောရုံးနဲ့ အနီးဆုံးဖြစ်တဲ့ ရဲစခန်းကတော့ RPG တို့၊ ၄၀ မမတို့နဲ့ တောက်လျှောက်ပစ်တယ်။ အထိအခိုက်မရှိတော့ ကျနော်တို့ ပြန်ဆုတ်လာနိုင်ခဲ့တယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။
သေဆုံးသွားသော စစ်ကောင်စီတပ်သား ၇ ဦး၏ အလောင်းနှင့် ဒဏ်ရာရလူနာများကို ကားဖြင့် ပြန်လည်သယ်သွားကြသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် သစ်တောဝိုင်းအနီးရှိ ရဲစခန်းမှာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လာသောကြောင့် စစ်ကောင်စီ၏ ကား၊ လက်နက်များကို သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်ထားသည်။
“တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်၊ ပထမတစ်ကြိမ်က မနက်ပိုင်းမှာ ခလရ ၂၇၄ ကနေ တစ်မိုင်အကွာ ကုန်းပေါ်က စခန်းမှာ အနီးကပ်တိုက်ပွဲဖြစ်စဉ်မှာ စကစက တစ်ယောက်ကျတယ်။ ဒါက မင်းတပ်မြို့ရဲ့ အနောက်ဘက်၊၊ ညနေပိုင်းမှာက မင်းတပ်မြို့ရဲ့ အရှေ့ဘက်၊၊ အရှေ့ပြင်ရပ်ကွက်အနီးမှာ စစ်သားနဲ့ ရဲနဲ့ ရောထားတဲ့ ၁၀ ဦးလောက်ရှိတဲ့ ကင်းလှည့်လာတဲ့ ကားတစ်စီးကို ကျနော်တို့ဘက်က ထပ်မံတိုက်ခဲ့တယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။
ယနေ့ မနက် ၇ နာရီခန့်က ခလရ ၂၇၄ အနီး ၄ မိုင်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။