(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသောကြောင့် ဆုငွေ သိန်း ၅၀ ကျပ် ချီးမြှင့်ကြောင်း CDF- မင်းတပ်က ယနေ့ မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။
“သူ့အနေနဲ့ ထွက်ပြေးဖို့တော့ ကြိုးစားနေခဲ့တယ်။ မအောင်မြင်ဘူး။ အခုကျမှပဲ ဝင်လာနိုင်တယ်။ ဒီနေ့ကျမှ ဆုတော်ငွေ ချီးမြှင့်ဖြစ်တဲ့ အပိုင်းပါ။ ဝင်လာတာက ဖေဖော်ဝါရီလထဲမှာ ဝင်လာတာပါ” ဟု CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။
မင်းတပ်မြို့မရဲစခန်းမှ ရဲဘော် လှိုင်မင်းထွန်း (လ – ၂၉၇၀၃၃) သည် CDF – မင်းတပ် တပ်ဖွဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲက ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့မှ ဂုဏ်ပြုငွေ ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဘော် လှိုင်မင်းထွန်းကို ဂုဏ်ပြုငွေ ချီးမြှင့်ပေးပြီးနောက် ၎င်းအနေဖြင့် ဇာတိကို ပြန်လိုက ပြန်နိုင်ရန်၊ စစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်ချင်လျှင် ပါဝင်ရန် နှင့် လွတ်မြောက်နယ်မြေကို သွားချင်ပါက သွားနိုင်ရန် CDF- မင်းတပ်က စီစဉ်ပေးထားကြောင်း သိရသည်။
အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီတပ်မှ ရဲများ၊ စစ်သားများသည် CDF – မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လည်းကောင်း၊ လက်နက်မပါပဲဖြင့်လည်းကောင်း အများအပြား CDM ပြုလုပ်ခြင်း၊ အလင်းဝင်ရောက်ခြင်းများ ပြုလုပ်ထားပြီး အရေအတွက်အတိအကျကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု သိရသည်။
စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သားနှင့် ရဲများ အမြန်ဆုံး အလင်းဝင်ရောက်ပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်ရေးအင်အားစု အသီးသီးက ထုတ်ပြန်ထားသည်။