Salai Vakok
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်၊ ဘီယာ စသည့် မူးယစ်စေတတ်သော ပစ္စည်းများအား သယ်ဆောင်ရောင်းချခြင်းများကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်)က ယနေ့ ဇူလိုင် ၄ ရက် မှာသတင်းထုတ်ပြန်သည်။
“ထုတ်ပြန်ရတဲ့ အကြောင်းရင်းက မင်းတပ်- ကျောက်ထု လမ်းကို လုံးဝ စိုးမိုးသွားပြီးဆိုတဲ့ သဘောပေါ့နော်။ အရင်တုန်းက မထိန်းချုပ်နိုင်သေးတဲ့အတွက် မင်းတပ်မြို့ထဲကို မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ ဝင်တာကို မတားနိုင်ဘူး။ နယ်တွေမှာ ပိတ်ထားတဲ့အတွက် တချို့နယ်တွေက မြို့ပေါ်က ယူပြီးမှ သောက်သုံးမှုတွေလည်း ရှိလာတယ်။ အခုက တမြို့နယ်လုံးကို ပိတ်ပစ်လိုက်တာပေါ့နော်။ အရင်က စိုးမိုးထိန်းချုပ်ထားတဲ့ နယ်တွေကိုပဲ ပိတ်တယ်။ အခုက မြို့ပေါ်ကိုပါ ထပ်ပိတ်တာ”ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် တိုက်ပွဲများဖြစ်ပွားကတည်းက ချင်းကာကွယ်ရေးတပ် (မင်းတပ်) စိုးမိုးထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ထဲက မင်းတပ်- မတူပီ လမ်းမကြီးအပါအဝင် ကျေးရွာများတွင် မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင် ရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်ဟု သိရသည်။
“အဲဒီနယ်မြေမှာ ထိန်းသိမ်းထားတာက တော်လှန်ရေးကာလဖြစ်တဲ့အတွက် လူငယ်တွေရော၊ ရဲဘော်တွေမှာ သောက်စား မူးယစ်မှု မရှိအောင်၊ မလိုအပ်တဲ့ ပြသနာတွေ မဖြစ်အောင် တားထားတာ နှစ်နှစ်ကျော်ပြီ” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။
ယခုအခါ စစ်ကောင်စီက မကြာခဏ စစ်ကြောင်ထိုးနေသည့် မင်းတပ် – ကျောက်ထုလမ်းကို စိုးမိုးထားနိုင်ပြီဖြစ်သောကြောင့် မင်းတပ်မြို့ပေါ်အပါအဝင် ကျေးရွာနှင့် တိုက်နယ်များ၊ တမြို့နယ်လုံးတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ပိတ်လိုက်ခြင်းသည်ဟု သိရသည်။
မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်းကို တွေ့ရှိပါက ပထမအကြိမ်တွင် ပစ္စည်းများကို သိမ်းဆည်းပြီး ဖျက်စီးပစ်မည်၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေများနဲ့ ပစ္စည်းများကို သိမ်းမည်၊ တတိယအကြိမ်တွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဟု သိရသည်။
မင်းတပ်မြို့နယ်တဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ လျော့နည်းကင်းစင်ရေး အများပြည်သူနဲ့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (မင်းတပ်) တို့ ပူပေါင်းဆောင်ရွက်နေသော်လည်း မင်းတပ်မြို့တွင်းနှင့် အချို့နေရာများတွင် မူးယစ်ဆေးဝါးနှင့် အရက် သေစာများ တရားမဝင် သယ်ဆောင်ရောင်းချနေသည်ဟု သိရသည်။
ထို့ကြောင့် မင်းတပ်မြို့နယ် တဝန်းလုံး မူးယစ်ဆေးဝါး၊ အရက်သေစာ လျော့နည်းကင်းစင်စေရေး ပြည်သူတွေ ပူးပေါင်းပါဝင် ပေးကြရန် ချင်းကာကွယ်ရေးတပ် (မင်းတပ်) က နိုးဆော်သည်။