(05MK)
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေသော လူမျိုးရေး အဓိကရုဏ်း ပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံလာသူ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ဇွန်လ ၁၁ ရက်နေ့အထိစာရင်းအရ လူဦးရေတစ်သောင်းကျော်ရှိပြီ သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရ၏ ဇွန်လ ၁၁ ရက်နေ့အထိကောက်ခံရရှိသော စာရင်းအရ မဏိပူရ်ပြည်နယ်မှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံလာသူ (Zohnahthlak)ချင်း-ကူကီးအနွယ်ဝင် ၁၀၆၄၃ ဦးရှိပြီဖြစ်ကာ ကော်လစစ်ခရိုင်တွင် အများဆုံးဖြစ်ပြီး လူဦးရေ ၃၇၅၄ ဦးရှိသည်ဟု သိရသည်။
အိုင်ဇောလ်ခရိုင်တွင် စစ်ဘေးရှောင် ၃၇၅၀၊ ဆိုင်းသွာလ်းခရိုင်တွင် ၂၅၄၂၊ ကျန်ဖိုင်း ခရိုင်တွင် ၂၆၃၊ မာမစ်ခရိုင်တွင် ၁၀၉၊ ခေါဇောလ်ခရိုင်တွင် ၇၉၊ လုံးလဲခရိုင်တွင် ၆၃၊ Serchhip ခရိုင်တွင် ၅၄၊ Siaha ခရိုင်တွင် ၁၁၊ Lawngtlai ခရိုင်တွင် ၁၀ နှင့် Hnahthial ခရိုင်တွင် ၈ ဦးတို့ဖြစ်ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရကထုတ်ပြန်သည်။
ယခုလက်ရှိမှာလည်း မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခသည် တည်ငြိမ်အေးချမ်းသည့်အရိပ်အယောင်မတွေ့ရသေးသောကြောင့် စစ်ဘေးရှောင်များ ထပ်မံဝင်ရောက်လာနိုင်သည်ဟု ဆိုသည်။
မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများအတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်း ဆိုလာခဲ့ကြသည်။
ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ ” Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများစတင်ဖြစ်ပွားလာခဲ့ကြခြင်းဖြစ်သည်။
မဏိပူရ်ပြည်နယ် ပဋိပက္ခကြောင့် လူပေါင်း ၁၀၀ နီးပါးအသက်ဆုံးရှုံးခဲ့ကြပြီးဖြစ်ကာ မဏိပူရ်ပြည်နယ်အတွင်းရှိ ချင်း-ကူကီအနွယ်ဝင်တောင်တန်းသားများ သောင်းနှင့်ချီ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။