(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အလွန်ခက်ခဲမှုနှင့် ရင်ဆိုင်နေကြရသည်ဟု မတူပီမြို့ ဒေသခံများထံမှ သိရသည်။
မတူပီမြို့ခံတစ်ဦးက “အခုမတူပီက စားဝတ်နေရေးက တော်တော်ဆိုးတယ်၊ စားစရာလုံးဝမရှိဘူး အဲ့ဒီအခြေနေရှိ တယ်။ သူတို့က ဖြတ်(၄) ဖြတ်နဲ့လုပ်တာဆိုတော့ ဖုန်းလိုင်းက ဆက်လို့ရတယ်ဆိုပေမယ့်တခြား ဆန်၊ ဆီ၊ဆား၊ ငပိတွေကတော့ လုံးဝမရောက်လာနိုင်ဘူး” ဟု ပြောသည်။
ယခုလက်ရှိ မတူပီမြို့ပေါ်တွင် ဆန်တအိတ်ကျပ် တစ်သိန်းရှစ်သောင်းခန့်ရှိနေပြီး ၀ယ်ယူရန်ပင်မရှိသလောက် ရှားပါးပြတ်လပ်နေပြီဟု ဒေသခံကပြောသည်။
မတူပီမြို့ပေါ်တွင် လွန်ခဲ့သည့် ၃ လခန့်ကတည်းက စစ်ကောင်စီက ကုန်တင်ကားအ၀◌င်အထွက်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
မတူပီမြို့မိမြို့ဖများက စစ်ကောင်စီတပ်ဖွဲ့ထံ ကုန်တင်ကားများ၀◌င်ထွက်သွားလာခွင့်ပြုရန် သွားရောက် တောင်းဆိုကာ ခွင့်ပြုသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က မင်းတပ်-မတူပီလမ်းပိုင်းတွင် ပိတ်ထားသည့်အတွက် ဆန်သည် ကားများ မရောက်လာနိုင်သောကြောင့် အလွန်ခက်ခဲနေကြသည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။
မတူပီမြို့က မြို့မိမြို့ဖနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ”စစ်ကောင်စီထံ အကူအညီတောင်းပြီး ချောချော ချုချုသွားဖို့ ဝင်ထွက်သွားလို့ရအောင်အကူအညီတောင်းထားတယ်။ အခုက လူငယ် CDF တွေက မင်းတပ်ဘက်ကနေ ဆန်သယ်တဲ့ ကားတွေကို (၈၄) မိုင်မှာ အကုန်လုံးချခိုင်းတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-Matupi ကို ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပေ။
လက်ရှိတွင် မတူပီမြို့ပြည်သူများသည် ပြည်မဖက်မှ ဝင်လာသည့်ကုန်ကားများမရှိသောကြောင့် မြို့အနီးအနား ကျေးရွာ ဖက်မှ ဝင်လာသည့် တောင်ယာဆန်များကို ဝယ်ယူကြပြီး ယခင် ဆန်(၁)ပုံးတွင် ငွေကျပ် ၄၀၀၀၀ ခန့်ရှိသော်လည်း ယခုတွင်ငွေကျပ် ၇၀,၀၀၀ ဖြင့်ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။