ချင်းပြည်နယ် မတူပီမြို့တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၆) နှစ်ရွယ် ဦးရာပဲန်းဟုသိရပြီး ယနေ့ မနက်ပိုင်း ၉ နာရီခန့်က ဇနီးသည်နှင့်အတူ ခြံထဲသို့အတူသွားကြရာမှ မြေမြုပ်မိုင်းနင်းမိကာ ဦးရာပဲန်းမှာ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာလည်း ခြေထောက်ဒဏ်ရာကြောင့် မတူပီမြို့ ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူက နွားနောက်ခြံရှိတယ် အကောင်ကများတယ်။ အခုက ဒုတိယအကြိမ်သွားတာဖြစ်မှာပေါ့ လင်မယားနှစ်ယောက်သွားပြီးတော့ ဒီနေ့သွားကြည့်ကြတော့ သူ့အမျိုးသား ဦးရာပဲန်းက မိုင်းမိပြီးပေါက်လို့ ၁ နာရီလောက်အသက်ရှိတယ် အခုတော့ ဆုံးသွားပြီ။ သူ့အမျိုးသမီးက ခြေထောက်မှာ ဒဏ်ရာရသွားတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းအနီးတွင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်လည်းရှိသည်ဟု သိရသည်။
မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သည့် ဦးရာပဲန်းသည် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား (၂) ယောက်နှင့် ဇနီးကျန်ခဲ့ကြောင်း သိရသည်။