(006SV)
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားပြီး ပြည်သူများ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မတူပီမြို့တွင် လိုအပ်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း မတူပီ ပအဖက ဩဂုတ်လ ၈ ရက်က သတင်းထုတ်ပြန်သည်။
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးကို ထုတ်ပြန်ပြီးနောက် မတူပီမြို့ပေါ် စစ်ဘေးရှောင်တချို့ ပြန်လည်ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင်များကို ပြန်လာခွင့်ပြုထားပြီးဖြစ်ကြောင်း မတူပီ- CDF ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။
“မတူပီပအဖက ထုတ်ပြန်ပြီးမှ စစ်ဘေးရှောင်တွေ စတင်ပြန်လာတာပါ။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်လာကြတယ်။ စစ်ဘေးရှောင်တွေ သိသင့်တာတွေကိုတော့ စာရွက်နဲ့ Print ထုတ်ပြီး ပြောထားပါတယ်။ ဘယ်လောက်ပြန်လာနေပြီးလဲက စာရင်းမကောက်ရသေးပါဘူး” ဟု ကိုဘွေအုပ်က ပြောသည်။
မတူပီမြို့စစ်ဘေးရှောင်များ သိသင့်သိထိုက်သော သတိထားရမည့်အချက်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှထားကြောင်း၊ အသုံးများသော လမ်းများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီး မရှင်းလင်းရသေးသည့်နေရာများကို ယာယီပိတ်ထားကြောင်း သိရသည်။
မတူပီမြို့ ပြန်လည်တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။
မတူပီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၀၄၊ ခလရ ၁၄၀နှင့် စစ်ဗျူဟာစခန်းတို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA မဟာမိတ်တပ်များက ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
မတူပီမြို့ပေါ်နှင့် အနီးဒေသကျေးရွာများက ဒေသခံပြည်သူများသည် ချင်းပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခြင်း မပြုမီကပင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။