(004SS)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
“စစ်ရှောင်တွေဆိုတော့ ကိုယ့်အိမ်မှာနေသလိုမျိုးမရတော့ဘူးပေါ့၊ ရောက်တဲ့နေရာမှာ သူတို့ အဆင်ပြေသလိုနေကြရတယ်၊ ဒါပေမဲ့ ဆန်၊ဆီ၊ဆားကျတော့ တကယ်လိုအပ်တယ်၊ စားရေးသောက်ရေးအတွက် စိုးရိမ်ရတယ်။ ပြီးတော့ အခုမိုးတွင်း ဆိုတော့ ခြင်ထောင်ရယ် မိုးကာရယ်ပေါ့ မိုးကာကလဲ ပို့ထားတာရှိတယ် ဒါပေမဲ့မလောက်ဘူးဖြစ်နေတာ လိုအပ်ဆဲပဲ” ဟု မတူပီမြို့နယ်အတွင်းက စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
မတူပီမြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံ ၃၀၀၀ ကျော်သည် ဇွန်လဆန်းပိုင်းမှ စတင်ကာ စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး အများစုသည် မတူပီမြို့အနောက်ဘက်ခြမ်းရှိ တောတောင်များ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် ခိုလှုံနေကြရကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ဘေးရှောင်များအတွက် အလှူရှင်များမှ လှူဒါန်းပေးခြင်းများရှိသော်လည်း သယ်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ဟိုတလောပဲ အလှူရှင်ရှိလို့ လိုင်လဲင်းပီမှာ ဆန်အိတ် ၈၀ ဝန်းကျင်လောက် ဝယ်ထားတာတော့ရှိတယ်၊ ဒါပေမဲ့ သယ်ယူဖို့ကျတော့ စစ်ရေးအရလို့ ပြောရမလား လမ်းအခြေအနေက အဆင်မပြေဘူး၊ လိုင်လဲင်းပီဘက် သွားယူဖို့ အသွားအလာဘယ်လိုရှိလဲ ဆိုတဲ့အပိုင်းမှာ အခက်အခဲရှိတယ်” ဟု စစ်ဘေးရှောင်များ ကူညီပေးနေသောအမျိုးသမီးက ပြောသည်။
မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်တပ်ရင်း နှင့် ချင်းပြည်တောင်ပိုင်းကအကြီးဆုံးစစ်ဗျူဟာကုန်းတို့ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပါအဝင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာမှုများ အချိန်မရွေးရှိလာနိုင်သဖြင့် စစ်ဘေးရှောင်များအနေဖြင့် မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများကို ပြန်လည်အခြေချနေထိုင်ခြင်းမပြုရန် ဇွန်လ ၃၀ ရက်က CDF – မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်ထားသည်။