(006SV)
ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစခန်းများမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သား၊ တပ်မိသားစုဝင်နှင့် အရပ်ဖက်ဝန်ထမ်းများ ရာချီကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့ ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၇ ရက်တွင် မတူပီမြို့ စစ်ကောင်စီစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ခန့်ကို ပထမသုတ်အဖြစ် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းတို့ကို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင်လ ၂၅ ရက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယသုတ်အဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်ထံမှ သိရသည်။
ဒုတိယအသုတ်မှာ အရေအတွက် မည်မျှ ထပ်မံဖမ်းဆီးရမိသည်၊ မည့်သည်စစ်တပ်အရာရှိများ ပါဝင်သည်ကို ချင်းညီနောင်အဖွဲ့ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
တောတောင်များအတွင်း အခြားထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို ချင်းညီနောင်အဖွဲ့က ၎င်းတို့ထံတွင်ရှိသော ရှားပါးနေသည့် ဆေးဝါးများဖြင့် ကုသပေးထားပြီး ကျွေးမွေးစောင့်ရှောက်ပေးထားကြောင်း ဖမ်းဆီးရမိနေရာမှ လုံခြုံသည့်နေရာသို့ သွားရာလမ်းခရီးတွင် အစာငတ်ပြတ်ခြင်း၊ ဆေးဝါးမရှိခြင်းနှင့် တုက်ပွဲအတွင်းမှ ပြင်းထန်ဒဏ်ရာများ ရရှိထားခြင်းကြောင့် သုံ့ပန်းအုပ်စုထဲက သေဆုံးသူအချို့ရှိခဲ့ကြောင်း သိရသည်။
သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။
မတူပီမြို့ရှိ ခမရ – ၃၀၄၊ ခလရ – ၁၄၀ နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။