(006SV)
ချင်းပြည်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျနေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မတူပီမြို့ကိုဖြတ်၍ အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အထိ ရောက်ရှိသည့် လမ်းမများကို ပြင်ဆင်နေသည်ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ကထုတ်ပြန်သည်။
မတူပီမြို့နယ်တွင်း ပြည်ထောင်စုလမ်းများ၊ ရွာချင်းဆက် ဖွံ့ဖြိုးရေးလမ်းများကို အကောင်အထည်ဖော် ဖောက်လုပ်၊ ပြင်ဆင်နေပြီး မတူပီ – လိုင်လင်းပီ၊ ယင်းမှ မီဇိုရမ်ပြည်နယ်အထိပေါက်သည့် လိုင်လင်းပီ – မီဇိုရမ်လမ်းပိုင်းတို့ကို ပြုပြင်နေသည်ဟု ဆိုသည်။
မတူပီ – ပလက်ဝ လမ်းပိုင်း၊ မတူပီ – မင်းတပ်လမ်းပိုင်းနှင့် မတူပီမြို့နယ်ထဲက ရွာချင်းဆက်လမ်းများကို တူးဖော်ပြုပြင်နေကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။
“မီးဇိုးရမ်းနဲ့ မတူပီကိုတော့ သူ့ဟာနဲ့ သူ စစ်ဘေးရှောင်သွားလာတာနဲ့ ကျန်းမာရေးကိစ္စ သွားလာတာက ရှိမှာပေါ့နော်။ တောင်ပိုင်းတခုလုံးနဲ့ အိန္ဒိယနဲ့ အရေးကြီးတဲ့ လမ်းမတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် ဟိုဘက် တာဝန်ရှိတဲ့ လူနဲ့ကျနော်တို့က ဒီလိုမျိုးအသုံးပြုမယ်ဆိုတဲ့ အဆင့်အထိကတော့ ပြောဆိုတာက မရှိသေးပါဘူး။ လမ်းတွေ ပျက်နေတယ်၊ ပြင်စရာရှိနေလို့ ပြင်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်” ဟု ကိုဘွေအုတ်က ပြောသည်။
မတူပီမြို့ အနောက်တောင်ဘက်ရှိ မတူပီ – ပလက်ဝလမ်းပိုင်းသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို ရောက်ပြီး အနောက်ဘက်ရှိ မတူပီ-လိုင်လင်းပီ/မီဇိုရမ်လမ်းပိုင်းသည် အိန္ဒိယ၊ မိုဇိုရမ်ထိ ရောက်သော လမ်းပိုင်းဖြစ်သည်။
မတူပီမြို့မှ အရှေ့ဘက်ခြမ်းရှိ မင်းတပ်မြို့ကို မတူပီ -မင်းတပ် လမ်းပိုင်းက ဆက်သွယ်ထားကြောင်း၊ မြောက်ဘက်တွင် မတူပီ – ရေဇွာ – ဟားခါးလမ်းပိုင်း ရှိပြီး ယင်းလမ်းပိုင်းသည် ချင်းပြည်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာတတ်သည့် လမ်းပိုင်းဖြစ်၍ မပြုပြင်ရသေးဘဲ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
“ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက်ဆိုရင်ပေါ့နော်။ မတူပီက တောင်ပိုင်းအတွက်ဆိုရင် လမ်းဆုံလို ဖြစ်နေတာပါ” ဟု ကိုဘွေအုတ်က ပြောသည်။
မတူပီ – လိုင်လင်းပီ – မီဇိုရမ်လမ်းပိုင်းအတွက် ချင်းညီနောင်အဖွဲ့ဝင် အချင်းချင်းဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MDF နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MDF သည် လိုင်လင်းပီမြို့ကို ထိန်းချုပ်ထားပြီး မြို့စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ဖော်ဆောင် လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်အထိ ရောက်သည့် မတူပီ-မီဇိုးရမ် လမ်းကို တပ်မဟာ-၁ မှ တာဝန်ယူ ဖော်ဆောင်လျက်ရှိသည်၊ လုပ်ငန်းပြီးစီးပါက မီဇိုရမ်မှ မတူပီသို့ မော်တော်ယာဉ်များ တိုက်ရိုက် ရောက်ရှိနိုင်မည်ဟု CDF – မတူပီက ထုတ်ပြန်သည်။
CDF – မတူပီ၊ တပ်မဟာ ၁ သည် ပထမအဆင့်အနေဖြင့် မတူပီမြို့ပေါ်နှင့် ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ရွာချင်းဆက်လမ်းများကို မြို့မသိမ်းနိုင်မှီကပင် ဖောက်လုပ်နေခဲ့ကြောင်း သိရသည်။
ဇွန်လပိုင်းက မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေးဖြင့် သိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သီးသန့်လျာထားသည့် ဘတ်ဂျတ်ဖြင့် စီမံကိန်းကို ထပ်တိုးချဲ့၍ လမ်းများကို ပြုပြင်ဖောက်လုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် လူနာတင်ကားများ၊ ကုန်တင်ယာဉ်များ၊ ကုန်ပစ္စည်း သယ်ယူမှုများ မြို့ရွာများကို တိုက်ရိုက်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒုတိယအဆင့်အနေဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်နှင့် မတူပီမြို့အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ရည် ရွယ်လုပ်ဆောင်နေကြောင်း၊ လာမည့် ၂၀၂၅ တွင် ကျယ်ကျယ်ပြန့်ပြန် လုပ်ရန် ရှိကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်သည့် ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ မတူပီ – မင်းတပ်လမ်းပိုင်း လည်မျိုတံတားအတက် ချောက်ကမ်းပါးမြေပြိုမှုကြောင်း ဆိုင်ကယ်၊ ကားများ တိုက်ရိုက်သွားလာနိုင်ခြင်း မရှိမှုကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။
အိုက်ဒါပ်တိုက်နယ်အတွင်းရှိ ကျေးရွာအားလုံးကို မော်တော်ယာဉ်များ သွားနိုင်ရန် လမ်းများပြုပြင်ခဲ့ကြောင်း သိရသည်။