မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဆိုင်ဟား (Siaha) ခရိုင်တွင် မြန်မာနိုင်ငံသား ၅ ဦးပါအဝင် လူ ၇ ဦးထံမှ စစ်သုံးပစ္စည်များနှင့် စပ်ဆိုင်သော ပစ္စည်းအမြောက်အများကို စက်တင်ဘာလ ၂၁ ရက်နေ့က အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ လေသေနတ်၊ လေသေနတ် ကျည်ဆန်များ၊ တိုက်ခိုက်ရေး ယူနီဖောင်းများ၊ ရေဒီယို ဝတ်စုံများ၊ နည်းဗျူဟာ အင်္ကျီများ၊ နည်းဗျူဟာ လက်အိတ်များနှင့် ဖိနပ်များ အပါအဝင် ရူပီး ၁၆ သိန်းဝန်းကျင် တန်ဖိုးရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Mahendra Rawat က ပြောဆိုကြောင်း အိန္ဒိယအခြေစိုက် Indo-Asian News Service (IANS) သတင်းဌာနကဖော်ပြသည်။
အဆိုပါပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား ငါးဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသည်။
အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်ဟားခရိုင်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် Niawtlang အနီးတွင် ယာဉ်နှစ်စီးကို စစ်ဆေးရာတွင် အဆိုပါပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် တရားဥပဒေအရ အရေးယူရန် ဆိုင်ဟားရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၅၁၀ ကီလိုမီတာအကွာဝေးရှိသော ခြံစည်းရိုးခတ်ထားခြင်းမရှိသည့် နယ်စပ်လမ်း ကြောင်းမှမဆင့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများ၊ ရွှေများ၊ ထူးခြားဆန်းပြားသော တိရစ္ဆာန်များ၊ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံနှင့် အခြား မှောင်ခိုကုန်ကူးမှုများစွာကို မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု IANS သတင်းစာတွင် ဖော်ပြထားသည်။