(005MK)
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနှင့် ကာကီရွာတို့တွင် မိုးပြင်း ထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုဖြစ်ကာ ပလက်ဝမြို့နယ်မှစစ်ဘေးရှောင်များ၏ နေအိမ်အများအပြား ရေမြှပ်၊မျှောပါသည့် အခြေအနေ ကြုံတွေ့ရင်ဆိုင်နေရသည်ဟု Paletwa IDPs and Humanitarian supporting အဖွဲ့ကထုတ်ပြန်သည်။
တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာ မြစ်ကမ်းဘေးနားတွင်တည်ရှိသည့် စစ်ဘေးရှောင်များ၏နေအိမ်များသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ မေလ (၃၁) ရက်နေ့ (၁) နာရီခန့်အချိန်တွင် မြစ်ရေကြီးမှုဖြစ်ပေါ်နေပြီး တွီဒင်း စစ်ရှောင်စခန်းမှာ နေအိမ် (၅၆) အိမ်ခန့်၊ ကာကီ စစ်ရှောင်စခန်းမှ နေအိမ် (၈၀) ခန့် ရေမြှပ်သည့် အခြေအနေကြုံနေရသည်ဟု ဆိုသည်။
ရေအဆက်မပြတ်တက်လာသောကြောင့် မြစ်ကမ်းနားနေ စစ်ဘေးရှောင်ပြည်သူများသည် တွီဒင်းကျေးရွာအတွင်း ရှိနီးစပ်ရာနေအိမ်များ၌သော်လည်းကောင်း၊ ရွာအတွင်းခန်းမနေရာများ၌သော်လည်းကောင်း အရေးပေါ်ပြောင်း ရွှေ့နေထိုင်နေရကြောင်း သိရသည်။
ရေကြီးမှုကြောင့်နေအိမ်များ ဆုံးရှုံးမှုဖြစ်နေသောကြောင့် အမိုးအကာ၊အစားအသောက်များ အရေးပေါ်အကူညီများလို အပ်နေပြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက်ငွေကြေးအကူအညီများလည်းလိုအပ်နေသောကြောင့် ဝိုင်းဝန်းကူညီပေးကြရန် Paletwa IDPs and Humanitarian supporting အဖွဲ့က တောင်းဆိုထားသည်။