(005MK)
မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မိုးကြီး၍ မြေပြိုမှု အကြီးအကျယ်ဖြစ်ပွားကာ လူသေဆုံးမှု တိုးလာနေပြီး လူပေါင်း ၃၁ ဦးသေဆုံးခဲ့ပြီဟု ဒေသတွင်း Zonet ရုပ်သံသတင်းဌာနက ယနေ့ည ၇ နာရီသတင်းမှာ ကြေညာသည်။
ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မီဇိုရမ်ပြည်နယ်တွင် မေလ ၂၇ မှ ၂၈ ရက် နေ့လည်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး အိုင်ဇောလ်မြို့အနီး Methum နှင့် Hlimen ကျေးရွာကြားက ကျောက်ထုတ်လုပ်သည့် နေရာသည် ယနေ့မနက်ပိုင်း ၆ နာရီခန့်က ပြိုကျမှုဖြစ်ပွားခဲ့သည်။
ထိုမြေသားပြိုကျမှုကြောင့် Methum ကျေးရွာက လူဦးရေ ၂၀ ခန့်နေထိုင်သော လူနေအိမ်ခြေ ၄ လုံးနှင့် Hlimen ကျေးရွာက အိမ်တစ်လုံးတို့ မြေသားနှင့် နွံများက ဖုံးလွှမ်းကာ တောင်ကမ်းပါးအောက်သို့ လွင့်စင်သွားပြီး ၁၉ ယောက် သေဆုံးခဲ့သည်ဟုဆိုသည်။
ယင်းတို့အနက် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ၁၉ ဦးတွင် ၁၄ ဦး၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိပြီဖြစ်ကာ ကျန် ၅ ဦးအလောင်းမှာ ရှာဖွေဆဲဟုသိရသည်။
အလားတူ Hlimen ကျေးရွာထဲတွင် နောက်ထပ်မြေပြိုမှုကြောင့် ၄ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။
၂ ဦး၏ ရုပ်အလောင်းကို ရှာတွေ့ပြီဖြစ်ကာ ကျန် ၂ ဦး၏အလောင်းမှာ မတွေ့သေးကြောင်း သိရသည်။
Falkawn ကျေးရွာတွင်လည်း မြေပြိုမှုကြောင့် အိမ် ၅ လုံး ပျက်စီးခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း Zonet က ဖော်ပြသည်။
အိုင်ဇောလ်မြို့ Salem ရပ်ကွက်တွင်လည်း မြေပြိုမှုကြောင့် မိသားစုတစ်စုနေထိုင်သော အိမ်တလုံး ပြိုကျပြီး မိသားစုဝင် ၃ ယောက်စလုံးသေဆုံးခဲ့သည်ဟု သိရသည်။
ထို့အပြင် Maubawk ကျေးရွာက အမျိုးသမီးတစ်ဦးသည်လည်း တောင်ယာထဲတွင်နေထိုင်စဉ် မြေပြိုမှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရက သဘာဝဘေးဒဏ်သင့်ပြည်သူများ ကူညီထောက်ပံ့ရေးအတွက် ရူပီးငွေ ၁၅ ကုဋေလျားထားပြီး မြေပြိုမှုကြောင့် သေဆုံးသူများကို တစ်ဦးလျှင် ရူပီးငွေ ၄ သိန်းစီ ပေးအပ်သွားမည်ဟု သိရသည်။
မြေပြိုမှုကြောင့် လူနေအိမ်များအပြင် အိုင်ဇောလ်မြို့ Kanan ရပ်ကွက်က သချိုင်းကုန်းလည်း ပြိုကျသွားပြီး သချိုင်းအုပ်ဂူ ၅၀ ကျော် ပျက်စီးသွားသည်ဟု သိရသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်က လူနေအိမ်အများစုသည် တောင်စောင်း တောင်ကမ်းပါးယံများတွင် ဆောက်လုပ်ထားကြပြီး မိုးတွင်းကာလတွင် ယခုကဲ့သို့ မြေပြိုမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေကြရသည်။