(006SV)
ယနေ့ ဧပြီလ ၉ ရက် မှ ၁၆ ရက်အတွင်း ချင်းအပါအဝင် နိုင်ငံတဝန်းမှာ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသများတွက် နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း သဘာဝဘေးအန္တရာများကို သတိပြုကြရန် စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့မှာ သတင်းထုတ်ပြန်သည်။
ယနေ့နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းကြောင့် ယနေ့ နံနက်မှ ၁၀ ရက်အထိ ငလျင်ဒဏ်အဆိုးဝါးဆုံးခံရသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ချင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုးဇလက ထုတ်ပြန်သည်။
ဧပြီလ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း တို့မှာ ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယင်းမှတဆင့် မြောက်- အရှေ့မြောက်ဘက်ကို ပြန်ကွေ့ကာ ဧပြီလ ၁၀ ရက်မှာ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလက ခန့်မှန်းသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ၎င်းဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြုရှောင်ရှားကြရန် သတိ နှိုးဆော်ထားသည်။
ယင်းအပြင် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် အကြံပြုထားသည်။