(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်း များကို တိုက်ခိုက် ချေမှုန်းနိုင်ရေး လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ အမြန်ဆုံး ထောက်ပို့ကူညီရန် ပြည်တွင်း ပြည်ပ ပြည်သူများကို ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်က တိုက်တွန်း နှိုးဆော်ထားသည်။
စစ်ကောင်စီသည် စစ်ကြောင်း ၂ ကြောင်းခွဲထားပြီး ဇူလိုင်လ ၁၆ ရက်မှစတင်ကာ မကွေးတိုင်း၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အင်အား ၃၀၀ ခန့်၊ သံချုပ်ကာကား (၂)စီး၊ JCV ကားတစ်စီး နှင့် စစ်ကား ၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်။
နောက်စစ်ကြောင်းတစ်ခုမှာ ဇူလိုင် ၁၉ ရက်မှစတင်၍ မကွေးတိုင်း၊ ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဆော – ကန်ပက်လက်သည် ၁၂ မိုင်သာ ကွားဝေ၍ အချိန်မရွေး တိုက်ပွဲ ပြင်ထန်းနိုင် ကြောင်း CDF – ကန်ပက်လက်က စစ်ရေးတာဝန်ရှိသူများက ပြောသည်။
“ပြည်တွင်းပြည်ပ အလှူရှင်များနဲ့ နိုင်ငံတကာရောက် ချင်းပြည်သူများကရော ကျမတို့ ရဲဘော်တွေ ပေးဆပ်တာနဲ့ ထိုက်တန်အောင် ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက ရဲဘော်တွေ နည်းတူ စစ်ရှောင်ပြည်သူတွေလည်း ဖျားနာတာတွေနဲ့ ဒုက္ခရောက်နေကြတယ်” CDF – ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ လောင်းရှည်- ကျင်ဒွေးသို့ စစ်ကြောင်းထိုးလာသော ယာဉ်တန်းနှင့် စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ခိုက်ရာ စစ်ကောင်စီက ၂၀ နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိကြောင်း သိရသည်။
အထိနာသော စစ်ကောင်စီသည် ဇူလိုင် ၁၈ ရက်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ် (၂၀) ထက်မနည်း မဆာတွီ ကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းက တိုက်ခိုက်ရာ BCM ဘုရားကျောင်းအပါအဝင် လူနေအိမ် (၇)လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
လောင်းရှည်- ကျင်ဒွေးကြားက တိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်က ရဲဘော် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။
ချင်- မကွေး အစပ်ရှိ အရပ်သားပြည်သူများ သုံးထောင်နီးပါးခန် စစ်ဘေးရှောင်နေရပြီး ၎င်းတို့ထဲမှ နှစ်ထောင်နီးပါး သည် ကန်ပက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောင်နေရကာ စစ်ရှောင်တချို့ ဖျားနာနေသောကြောင့် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း သိရသည်။