(004SS)
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် တိုင်ကြားချက်နှင့် ပါတ်သက်ပြီး တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုတွင် အဆိုပါတိုင်ကြားခံရသူအား စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပြီး ဌာနတွင်း ကြားနာစစ်ဆေးမှု ပြုလုပ် နေစဉ်ကာလအတွင်း ဆလိုင်းအိုက်ဇက်ခင်အား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဌာနတွင်းကြားနာစစ်ဆေးမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေး မူဝါဒ PSHEA ဗဟိုကော်မတီသို့ လွှဲပြောင်းပေးပြီဖြစ်သည်ဟုသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါအမှုကိစ္စနှင့်ပါတ်သက်၍ PSHEA ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးချက်ထုတ်ပြန်ထားသည်။
ဆလိုင်းအိုက်ဇင်ခင်သည် NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်ခဲ့သော CDM ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ကျူးလွန်းခဲ့ ကြောင်း သက်သေ အချက်အလက်များနှင့်တကွ ကာယကံရှင်အမျိုးသမီးက NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆလိုင်းအိုက်ဇက်ခင်ကတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမပြုခဲ့ကြောင်း ငြင်းဆိုထားသည်။
အဆိုပါ တိုင်ကြားမှုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ PSHEA ဗဟိုကော်မတီသို့ ဇွန်လ ၂၁ ရက်နေ့တွင် လွှဲပြောင်းေပးပြီးဖြစ်ကာ PSHEA မူဝါဒနှင့်အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့အား ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းထားကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်ေဆာင်ရွက်နေကြောင်း PSHEA က ယနေ့တွင် ထုတ်ပြန်ထားသည်။
NUG-PSHEA မူဝါဒသည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေး မူဝါဒ ဖြစ်ပြီး လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်၊ ကလေးရေးရာဝန်ကြီးဌာန မှ စတင်ရေးဆွဲခဲ့ကာ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် စတင်အသက်ဝင်သော မူဝါဒဖြစ်သည်။