(006SV)
မြန်မာပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လူထုတစ်ရပ်လုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်ညမှာ သတင်းထုတ်ပြန်သည်။
လတ်တလောတွင် တွေ့မြင်နေရသော သတင်းများကြောင့် မြန်မာပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်များအပေါ် များစွာစိုးရိမ်ပူပန်မှုမရှိကြစေရန် ပြောကြားလိုသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည့်အထိ လုပ်သင့်လုပ်ထိုင်သည်များကို လူထုတစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဟု အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး သဘောတူညီမှုတချို့ရရှိခဲ့သည်ဟု ဒီဇင်ဘာလ ၁၁ ရက်က သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နေ့ညမှာ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။
ထို့အပြင် မြန်မာလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်မျာကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည်သူများ မဟုတ်ကြောင်း မြောက်ပိုင်း (၃) ဖွဲ့က လူထုကို အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တရုတ်အကူအညီနှင့် ညီနောင်မဟာမိတ်အဖွဲ့များဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်၊
ထပ်မံတွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များလည်း ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ အတည်ပြုဖြေကြားခဲ့သည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၏ ၄၇ ရက်တာအတွင်း စစ်ကောင်စီ စခန်းပေါင်း ၂၈၀ ကျော်၊ မြို့ကြီးတချို့ အပါအဝင် တရုတ်- မြန်မာနယ်စပ်စီးပွားရေးဇုံအတွင်းရှိ နယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်များကိုပါ သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည်။
၁၀၂၇ စစ်ဆင်ရေးသည် တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် ၃ ဖွဲ့ပေါင်း၏ စစ်ရေးရည်မှန်းချက်ကို အတိုင်းအတာတစ်ခုထိ ပြည့်ဝခဲ့ပြီးဖြစ်သော်လည်း အလုံးစုံသော ရည်မှန်းချက် ပြည့်ဝရန် အချိန်ကာလတစ်ခုထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။