(006SV)
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးသည် လွန်ခဲ့သည့် ၁ လခွဲခန့်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့မနက်ပိုင်းကစပြီး ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး မီးလောင်နေသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့ပြီး ယင်းဖြစ်စဉ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားသောဖြစ်ရပ်မဟုတ်ဘဲ လွန်ခဲ့သည့် တစ်လခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကပြောသည်။
“ဖလမ်းဆေးရုံးမီးလောင်တာက ကြာပါပြီ။ ဒါပေမယ့်အခုမှ ဗီဒီယိုက ပြန့်သွား (leak) တာပါ။ တလခွဲ၊ နှစ်လလောက်တောင် ရှိတော့မယ်။ ဖလမ်းဆေးရုံးနဲ့ တပ်ကုန်းက ခြေလျင်နဲ့ သွားမယ်ဆိုရင် တမီနစ်၊ နှစ်မီနစ်လောက်ပဲကြာတယ်။ တော်တော်လေး နီးပါတယ်။ ဆိုတော့ တကယ့်စစ်ပွဲဖြစ်တဲ့နေရာ အနားမှာ ရှိတဲ့အတွက် ဂျက်ဖိုက်တာတွေ ၃ကြိမ်၊ ၄ကြိမ် ပစ်ခတ်တဲ့အတွက် ကြောင့် မီးလောင်ပျက်စီးသွားတာပါ။ စကစက သိတဲ့အတိုင်းပဲ ဆေးရုံးတို့၊ ဘုရားကျောင်းတို့ကို ပစ်မှတ်ထားပြီးတော့ အမြဲတမ်း လုပ်တယ်။ အဲဒါကြောင့်ပျက်စီးသွားတာပါ” ဟု ဆလိုင်းတင်မီက ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်နှင့် မဟာမိတ်တပ်များက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ကာ တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ရာတွင် ဖလမ်းဆေးရုံကြီး မီးလောင်ပျက်စီးသွားခြင်းဖြစ်ပြီး မီးလောင်သည့် နေ့ရက်အတိအကျကိုတော့ ဆလိုင်းတီမီက ပြောဆိုခြင်းမရှိခဲ့ပေ။
လက်ရှိတွင် ဖလမ်းမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရေး ချင်းတော်လှန် ရေးပူးပေါင်းတပ်များ ဆက်လက်တိုးစစ်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ဇန်နဝါရီလထဲက တပ်ရင်းကုန်း လက်မလွတ်ရရေးအတွက် ရဟတ်ယာဉ်ဖြင့် စစ်ကူများ ထပ်မံပေးပို့ထားပြီး လေကြောင်းပစ်ကူအများအပြားဖြင့် ခုခံလျက်ရှိကြောင်း၊ ယခုရက်ပိုင်း ဖလမ်းတိုက်ပွဲတွင် CDF ရဲဘော် ၂ ဦး ထပ်မံကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတချို့ ရှိသည်ဟု သိရသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ခလရ – ၂၆၈ တပ်ရင်းကုန်းတခုမှ လွဲ၍ မြို့ပေါ်နှင့် ကျန်စစ်စခန်းအားလုံးကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်က ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ဆေးရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဆေးဝန်းထမ်းနှင့် ဆေးကုသနေသူများအပါအဝင် ခြောက်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။