(006SV)
ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သည့် လူများအနေဖြင့် လက်နက်ခဲယမ်းများ ကိုင်ဆောင်ရောင်းဝယ်လျှင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ ကိုလည်း ထောက်ခံစာပါရှိမှ ခွင့်ပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – လောက်တူ (CDF-Lautu) က ထုတ်ပြန်သည်။
“ပြည်သူတွေက တော်လှန်ရေးအဖွဲ့အယောင် ဆောင်ပြီးတော့ ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်နေတာမျိုးတွေရှိတယ်။ ပြီးတော့ တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းတွေကို ပြည်သူတွေက စည်းမဲ့ကမ်းမဲ့နဲ့ ကိုယ်သယ်ချင်တာ သယ်မယ်၊ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ခေတ်ကောင်းတုန်းကလိုမျိုး ဥပဒေစိုးမိုးမှုကလည်း မရှိသေးတဲ့အခါ ပြည်သူတွေ ကြားမှာ ဖြစ်လာနိုင်မယ့် ပြသနာလေးတွေကို အကျိုးဆက်ကို ကြည့်ပြီး ထိန်းချုပ်သင့်တယ်ဆိုပြီး လက်နက်ခဲယမ်းဥပဒေကို ထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဖြစ်ပါတယ်” ဟု CDF – လောက်တူ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး အတွင်းရေးမှူး ဆလိုင်းဗာဗိက ပြောသည်။
လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သော မည်သည့် လူပုဂ္ဂိုလ်မှ လက်နက်ခဲယမ်းများ မှောင်ခို ထုတ်လုပ်ခြင်း၊ သယ်ယူဖြတ်သန်းခြင်း၊ ဖြန့်ချိခြင်း၊ သိုလှောင်ခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် CDF – လောက်တူက နိုဝင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် လက်နက်ခဲယမ်း အက်ဥပဒေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအနေဖြင့် လောက်တူနယ်အတွင်း လက်နက်ခဲယမ်းများ သယ်ယူဖြတ်သန်းလိုပါက မိခင်အဖွဲ့အစည်း၏ ထောက်ခံစာ ပါရှိမှသာ ခွင့်ပြုမည်ဟု CDF – လောက်တူက ကြေညာသည်။
လက်နက်ခဲယမ်းများ သိုလှောင်လိုပါကလည်း ဦးစွာအကြောင်းကြားရမည်ဖြစ်ပြီး CDF- လောင်တူ၏ လမ်းညွှန်မှုဖြင့်သာ သတ်မှတ်နေရာတွင် သိုလှောင်နိုင်မည်ဟု သိရသည်။
လက်နက်ခဲယမ်း ဥပဒေပါ စည်းမျဉ်းများကို ဖောက်ဖျက် ကျူးလွန်မှု ပြုလုပ်ပါက ပစ္စည်းများ သိမ်းဆည်းပြီး ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။
လောက်တူနယ်ဒေသတွင် တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် အယောင်ဆောင်ပြီး လက်နက်ခဲယမ်းများ ရောင်းဝယ်မှုတချို့ ဖြစ်ပွားနေပြီး တချို့က စီးပွားဖြစ်ပုံစံ လုပ်လာကြသည်ဟု CDF လောက်တူ တာဝန်ရှိသူက ပြောသည်။