(006SV)
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် တီးတိန်မြို့ပေါ်တွင် ချင်းလဲန်းကောင်စီ၏ ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲမဖော်ရန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ကျူးကျော်စစ်အဖြစ် သတ်မှတ်ကာ ပူးပေါင်းတုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့မှာ ထုတ်ပြန်သည်။
ချင်းအမျိုးသား အချင်းချင်းကြား ထိပ်တိုက်ထိတွေ့မှု ရှောင်ရှားနိုင်ရန် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ချင်းညီနောင်၏ ကြေညာချက်အတိုင်း ကျူးကျော်မှုမှန်သမျှအား အတူတကွ ပူးပေါင်းတုံ့ပြန် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်က မေလ ၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။
ချင်းညီနောင်အဖွဲ့ဝင်များ ဖြစ်သည့် ZFU/ PDF- Zoland နှင့် CNO/CNDF တို့သည် ၎င်းတို့၏ ထိန်းချုပ်စိုးမိုး နယ်မြေများတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်ရန် ဗျူဟာရေးဆွဲပြင်ဆင်နေသော ကာလအတွင် နိုင်ငံရေး လက်ဦးမှု ရရှိရေး ရည်မှန်းချက်ဖြင့် CNF/CNA က စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။
CNF/CN A ဦးဆောင်သည့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ တပ်ဖွဲ့များသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မပါပဲ နယ်မြေများကို သိမ်းပိုက်ကျူးကျော်ရန် စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။
CNF/ CNA အနေဖြင့် မိမိနယ်မြေဖြစ်သည့် ဟားခါးနှင့် ထန်တလန်မြို့များတွင် ဦးစားပေး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲသင့်ပြီး လိုအပ်ပါက ချင်းညီနောင်က တိုက်ခိုက်ပေးမည်ဟု ထုတ်ပြန်သည်။
ယင်းသို့မဟုတ်ဘဲ နယ်မြေကျူးကျော်မှုများ ဆက်တိုက်လုပ်မည်ဆိုပါက ချင်းပြည်သူများအကြား စည်းလုံးမှုကို ပြိုကွဲစေပြီး သွေးထွက်သံယိုမှု ဖြစ်စေသော သမိုင်းတရားခံများအဖြစ် ရောက်ရှိသွားမည်ဟု ချင်းညီနောင်က သတိပေးထားသည်။
CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းကတော့ ဖလမ်းမြို့သိမ်းစီမံချက် အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရေး CNA စစ်ဦးစီးချုပ်နှင့် CNDF စစ်ဦးစီးချုပ်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ဟု ဧပြီလ ၂၉ ရက်က ခိုနူမ်းသုန်ကို ဖြေထားသည်။
ချင်းအမျိုးသားတပ်ဦး CNF၏ ပြောရေးဆိုခွင့်ရှိသူကတော့ Chinland Information Center နှင့် အင်တာဗျူးတွင် တချို့ CDF နှင့် Local Defense Force တို့က ၎င်းတို့ နယ်မြေမှာ မြို့သိမ်းတိုက်ပွဲများ မလုပ်ရန် တားမြစ်နေသော်လည်း ဆက်လုပ်စရာရှိတာကို လုပ်သွားမည်ဟု ဧပြီလ ၂၉ ရက်က ဖြေကြားထားသည်။
တီးတိန်းမြို့နယ်၊ စီးယင်းနယ်မြေဒေသက စီယင်းရေးရာဗဟိုကော်မတီ CCSA ကလည်း နယ်မြေခံ ကာကွယ်ရေးအဖွဲ့၏ အကူ အညီ တောင်းခံခြင်း၊ သဘောထားတူညီမှု တစ်စုံတစ်ရာ မရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော်ဆောင်မှုများမပြုရန် ဧပြီ ၂၁ ရက် သဘောထားထုတ်ပြန်ခဲ့သည်။
စီယင်းရေးရာဗဟိုကော်မတီ CCSA စစ်ရေးလှုပ်ရှားနေသည့် CDF-CDM Siyin ၏ နိုင်ငံရေးဦးဆောင်ကော်မတီအဖွဲ့ ဖြစ်ပြီး CDF-CDM Siyin သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ဖြစ်သည်။