ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက် ပြည်နယ်လမ်းဦးစီးဌာနဝင်းအတွင်းရှိ ဆောက်လုပ်ရေးဧည့်ရိပ်သာ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီးနောက် လမ်းဦးစီးဌာနက ဝမ်းထန်များအပါအဝင် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေသည်ဟု သိရသည်။
ဆောက်လုပ်ရေးဧည့်ရိပ်သာသည် ယနေ့ နံနက် ၂ နာရီကျော်ကျော်ခန့်ကစ၍ ၃ နာရီခန့်အထိ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်ကားများရောက်ရှိလာပြီးနောက် မီးငြိမ်းသတ်ခဲ့ရာ မနက်ပိုင်း ၄ နာရီကျော်ကျော်ခန့်တွင် မီးညွန့်ကျိူးသွားခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။
“ဒီမနက် ၂ နာရီ ခွဲလောက်မှာ အိပ်လို့မရတော့ဘူး၊ ဆူညံသံတွေကြားတော့ ထကြည့်တာ အဲနှစ်ထပ်အိမ်က မီးလောင်နေတာ၊ တော်သေးတာက မနက် ၃ နာရီဝန်းကျင်လောက်ဖြစ်မယ်၊ မီးသတ်ကား ၃ စီးကရောက်လာ လို့ မီးငြိမ်းနိုင်ခဲ့တာ၊ အချိန်မီလို့ပေါ့၊ မဟုတ်ရင် ဘေးကဆောက်လုပ်ရေးကွာတာတွေလဲ ဆက်သွားနိုင်တယ်” ဟု ပြည်တော်သာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဧည့်ရိပ်သာတွင် သီမစ်တံတားတည်ဆောက်ရေးအတွက် ခေတ္တတည်းခိုနေကြသော ဆောက်လုပ်ရေးအင်ဂျင်နီယာများအပါအဝင် အစိုးရဝန်ထမ်းနှင့် လုပ်သား ၁၁ ဦးခန့် မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားသည်ဟု သိရသည်။
“အဲဒီ ၁၁ ဦးပျောက်တယ်ဆိုတာက သီမစ်ဘက်မှာတံတားဆောက်မယ့်အဖွဲ့တွေလို့ပြောတယ် အင်ဂျင်နီယာတွေရောပါတယ်တဲ့” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ ပုဂ္ဂိုလ် ၁၁ ဦးသည် မည်ကဲ့သို့ပျောက်ဆုံးသွားသည်ကိုမူ မသိရသော်လည်း ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
စစ်ကောင်စီသည် ဟားခါးနှင့် ထန်တလန်မြို့အကြား ပျက်စီးနေသော သီမစ်တံတားကို ပြန်လည်ပြုပြင်ရန်ကြိုးစားနေပြီး ယင်းဒေသတွင် ဇူလိုင်လ ၃၀ ရက်ကတည်းက ချင်းအမျိုးသားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ ကြသည်။
စစ်ကောင်စီသည် ထန်တလန်မြို့ပြန်လည်ထူထောင်ရေးဆိုသည့်အကြောင်းပြချက်ဖြင့် သီမစ်တံတားကို ပြုပြင်နိုင်ပါက ထန်တလန်မြို့နယ်ထဲသို့ စစ်ကူနှင့် ရိက္ခာများအလျင်အမြန်ပို့ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ဆောင်လာပြီး ယင်းဒေသ တွင်လှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့များအား ခြေမှုန်းရန်ပြင်ဆင်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။
ထို့ကြောင့် ဟားခါးနှင့် ထန်တလန်မြို့အကြားဆက်သွယ်သော သီမစ်တံတားအား စစ်ကောင်စီအနေနဲ့ တည်ဆောက်ခြင်းမပြုနိုင်ရန် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။