ချင်းပြည်နယ် ဟားခါးမြို့နယ်၊ နှီာရ်လောန် (Hniarlawn) ကျေးရွာဟောင်းတွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့က ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ၇ မိုင်ခန့်ဝေးသော နှီာရ်လောန်ကျေးရွာဘက်သို့ ဇူလိုင်လ ၂၅ ရက်နေ့က ရောက်ရှိလာခဲ့ကြပြီး ရွာထဲတွင် မူကြိုကလေးငယ်များအားခေါ်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သော ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နှီာရ်လောန်ရွာသားတစ်ဦးက ပြောသည်။
“သူတို့ မနေ့က နှီာရ်လောန်ရွာသစ်ကို လာမယ်ဆိုပြီးကြားတာ ဒါပေမယ့် အဲ့ကိုမသွားကြပဲ တောင်ကုန်းကနေ ဆင်းလာပြီးတော့ နှီာရ်လောန်ရွာဟောင်းကို လာတဲ့အခါကျတော့ အားလုံးက ထွက်ပြေးကြတာ ဒါပေမယ့် မူကြိုကျောင်းက ကလေးတွေက ထွက်မလာကြဘူး သူစဉ်းစားတာက ကလေးတွေ သေကုန်မှာဆိုပြီး မူကြိုကလေးတွေကို သွားကြိုမယ်ဆိုပြီး သွားတဲ့ချိန်မှာ အဲဒီမှာအပစ်ခံရတာ” ဟု နှီာရ်လောန်ရွာသားကပြောသည်။
ဆလိုင်းမန်လျန်ဆန်သည် သေနတ်ပစ်ခံရမှုကြောင့် ပေါင်တွင် ကျည်ဆံထိမှန်ကာ ခြေလျင်ဖြင့် ပေ ၂၀၀ ဝန်းကျင်ခန့်ပြေးခဲ့သော်လည်း သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
၎င်းသည် နှီာရ်လောန် ဘုရားကျောင်းတွင် အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကျေးရွာအတွင်း အားကိုးအားထားပြုရသော လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ နှီာရ်လောန်ကျေးရွာမှ ပြန်လည်ထွက်ခွါပြီးနောက် ယမန်နေ့ညနေပိုင်း ၆ နာရီခန့်တွင် သူ၏ရုပ်အလောင်းကို ရွာသားများက ရွာထဲသို့ ပြန်လည်သယ်ယူခဲ့ကြပြီး ယနေ့မနက်ပိုင်းက မြေမြှပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် နှီာရ်လောန်ကျေးရွာရှိ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ကိုလည်း ဖောက်ထွင်းခဲ့ကြပြီး အဖိုးတန်ပစ္စည်းများ၊ အဝတ်အစား၊ အိမ်မွေးတိရိစ္ဆာန်များကိုလည်း ခိုးယူသွားခဲ့ကြသည်ဟု သိရသည်။
“အိမ်ခြေက ကျနော်တို့က ၁၇၀ နီးပါးရှိတယ် အိမ်မဖောက်တာက ၅၀၊ ၆၀ လောက်ပဲကျန်မယ် ၁၀၀ နီးပါးကတော့ ဖောက်ကုန်တာပဲ ပိုက်ဆံရော၊ အင်္ကျ ီ၊ ဘောင်ဘီ အမျိုးမျိုးပဲ ကြက်တွေရော မုန့်တွေရော တွေ့သမျှအကုန်ယူသွားကြတယ်” ဟု နှီာရ်လောန်ရွာသားက ပြောသည်။
နှီာရ်လောန်ကျေးရွာသည် ဟားခါးမြို့နှင့် ၇ မိုင် ကွာဝေးပြီး အိမ်ခြေ ၁၇၀ ဝန်းကျင်ခန့်ရှိကာ ယမန်နေ့တွင် ရွာသားအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရာမှ ယနေ့တွင်မူ ရွာထဲသို့ ပြန်လည်နေထိုင်ကြပြီဟု သိရသည်။