(01RB)
ချင်းပြည်နယ် ဟားခါးမြို့ပေါ် Ketheibo ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က ဓားပြတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးလည်းဓားထိုးခံရမှုကြောင့် ဆေးရုံတင်ထားရသည်ဟု သိရသည်။
ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့နေအိမ်ကို မေလ ၂၂ ရက်နံနက်ပိုင်း ၁ နာရီဝန်းကျခန့်တွင် ဓားကိုင်ဆောင်သော အမည်မသိလူ ၂ ယောက်က ဓားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု The Chin Journal က ဖော်ပြသည်။
ထိုသို့ဓားပြတိုက်ခံရစဉ်တွင် အိမ်ရှင်မိသားစုတို့မှ အော်ဟစ်အကူအညီတောင်းခံပြီးနောက် ကူညီရန်ရောက်ရှိလာသော အိမ်နီးချင်းဦးကပ်ခေါမ်ကို ဓားပြတိုက်သူ ၂ ဦးက ဓားဖြင့်ထိုးခဲ့ရာမှာ လည်ပင်းတွင် ဒဏ်ရာရရှိပြီး ဆေးရုံသို့ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဓားပြတိုက်ခံရမှုကြောင့် ဦးဒုအွယ်တို့ထံမှ ကျပ် ၁၂ သိန်း၊ ဖုန်း ၃ လုံး၊ ရွှေစွဲကြိုး ၁ ကုံးနှင့် ရွှေလက်စွပ် ၁ ကွင်း လုယူခံရသည်ဟု သိရသည်။
ဓားပြတိုက်မှုဖြစ်ပွားသည့် ဦးဒုအွယ်တို့အိမ်နှင့် မလှမ်းမကမ်းအပေါ်ဖက်တွင် ခိုင်ကမ်းအားကစားခန်းမတည်ရှိပြီး ယင်းအားကစားခန်းမတွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့နောက်လိုက် ပျူစောထီးများ မကြာသေးခင်ရက်ပိုင်းက ဝင်ရောက်တပ်စွဲခဲ့ကြသည်ဟု သိရသည်။
အဆိုပါခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲလာပြီးနောက်ပိုင်းတွင် Ketheibo ရပ်ကွက်ထဲတွင် ကြက်ခိုးခံရမှုလည်း ဆက်တိုက်ဖြစ်ပွားနေသည်ဟုလည်း သိရသည်။