(04SS)
ချင်းပြည်နယ် ဟားခါးမြို့အပေါ်တွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ လွတ်လပ်ရေး ကျော က်တိုင် Khuhsilobo ကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောသီမြစ်လွင်ပြင်ဖက်သို့ နေ့တိုင်းလိုလို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုသိရသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဖက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုကာ ပစ်ခတ်နေပြီး ယနေ့ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲပိုင်းမှာလည်း Khuhsilobo လွတ်လပ်ရေးကျောက်တိုင်ကနေ သီမြစ်လွင်ပြင်ဖက်ကို လက်နက်ကြီးဖြင့် ၁၀ ထက်မနည်းပစ်ခတ်ခဲ့သည်ဟု CDF-Hakha တပ်ဖွဲ့နှင့်နီးစပ်သောသတင်းရင်းမြစ်ကဆိုသည်။
“ဟိုလို နှစ်ဘက် ထိတွေ့ပြီးတော့ တိုက်တာမျိုးတော့ မရှိဘူး စစ်သားတွေကတော့ ဟားခါးမြို့ လွတ်လပ်ရေး ကျော က်တိုင် khuhsilobo ကနေ လက်နက်ကြီးတွေ လှမ်းထုတယ်၊ ပြည်သူ့ကာကွယ်ရေးဘက်လဲ သီမြစ်ဘက်က စစ်သား တွေစခန်းကို drone နဲ့ ပစ်တယ် အဲလို အပြန်အလှန် ပစ်ကြတာရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေး တပ်ဘက်ကတော့ အထိအခိုက် မရှိဘူး။ စကစ ဘက်ကတော့ မပြောတတ်ဘူးပေါ့နော်” ဟု CDF-Hakha နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။
ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အနီး သီတာရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီးနောက် သီမြစ်အနီးတဝိုက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြသည်။
ယခုလက်ရှိ မြေပြင်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း သီမြစ်အနီးတွင်တပ်စွဲထားသော စစ်ကောင်စီ စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ဒုန်းဖြင့်တိုက်ခိုက်ကာ စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ် နေ သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် မေလကုန်ပိုင်းကစ၍ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဟားခါးမြို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကြောင်းကိုစေလွတ်ခဲ့ပြီး ယခုချိန်ထိ ထန်တလန်မြို့ဖက်သို့ မရောက်နိုင်သေးပဲ ဟားခါး-ထန်တလန်ကြား သီးမြစ်လွင်ပြင်အနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။