Benezer – ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် BOC လမ်းခွဲ အင်းဝဘဏ်အနီးတွင် မေလ ၄ ရက်နေ့ ယမန်နေ့ညပိုင်း ရှစ်နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Chinland Defense Force (CDF) တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်း ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးတွင် နေထိုင်သည့် ပြည်သူသုံးဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“အင်းဝဘဏ်နားက အိမ်တစ်အိမ်ကနေ ဒီနေ့မနက်လူသုံးယောက်အဖမ်းခံရတယ်တဲ့၊ မနေ့ညက ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပါတ်သတ်ပြီးတော့ မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းသွားတယ်၊ အမျိုးသမီးနှစ်ယောက် ယောက်ကျားလေးတစ်ယောက်ဖမ်းသွားတယ်၊ အဲလောက်ဘဲသိရသေးတယ်” ဟု ဟားခါးဒေသခံတစ်ဦးမှပြောသည်။
စစ်ကောင်စီမှ ဖမ်းဆီးသွားသူ သုံးဦးမှာ အိမ်ဝဘဏ်အနောက်ဘက်ရှိ နေအိမ်တစ်အိမ်မှဖြစ်ပြီး အိမ်ပေါ်ထပ်တွင် နေထိုင်သည့် အိမ်ပိုင်ရှင်အမျိုးသမီးနှင့် အောက်ထပ်တွင်နေထိုင်သည့် လင်မယားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းပြီး နောက်ဆက်တွဲမသိရသေးကြောင်းသိရသည်။
ဟားခါးဒေသခံတစ်ဦးမှ ယမန်နေ့က ဖြစ်စဉ်နေ့ပတ်သတ်ပြီး “မနေ့ညက ၈နာရီခွဲလောက်မှာ သေနတ်သံ ၆ ချက်လောက်စကြားရတယ်၊ သိပ်မကြာခင်မှာဘဲ နောက်တစ် အချက်နှစ်ဆယ်လောက် ဆက်တိုက်ပစ်တာကြားရတယ်၊ အဲဒီနောက်ပိုင်း ငြိမ်သွားတယ်၊ မနေ့က ပစ်တဲ့ထဲမှာ ဗုံးသံလိုမျိုး ပေါက်ကွဲသံတွေလည်းကြားရတယ်” ဟု ပြောသည်။
ယမန်နေ့ညပိုင်း ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ အင်းဝဘဏ်မျက်နှာချင်းဆိုင် BOC ဂိတ် အကြမ်းဖက်တပ်များ ခြေကုတ်သည့်စခန်းတွင် CDF – Hakha နှင့် အကြမ်းဖက်စစ်ကောင်စီစ်တပ်အကြား ပစ်ခတ်မှုရှိခဲ့ပြီး ရန်သူဘက်မှ ၁ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း CDF မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ယမန်နေ့ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်တွင်လည်း ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးအား CDF – Hakha မှ ပစ်ခတ်ခဲ့ပြီး အထိအခိုက်ကျဆုံးမှု အတိအကျမသိရကြောင်း သိရသည်။