(04SS)
ချင်းပြည်နယ် ဟားခါးမြို့ Agape ဆေးရုံးက ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်ည သန်းခေါင်ယံအချိန်တွင် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို စီးနင်းဝင်ရောက်ကာ ဆရာဝန် Sicilia, သူနာပြု Henny, Sianlun, Hniang Sung နှင့် J Mawi တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဟားခါးဒေသခံတစ်ဦးက “အခု Agape ဆေးရုံက ဆရာမတွေကို ညကြီးမှာသွားဖမ်းတယ်၊ စစ်သားတွေကတော့ ညမှာပဲ လှုပ်ရှားကြတာများ တယ်လေ။ အကြောင်းအရင်းတော့ သေချာမသိဘူးပေါနော်။ ဒါပေမဲ့ လူငယ်တွေဖမ်းထားတဲ့ ရုံးဘက်လူကြီးတွေနဲ့ လဲချင်လို့ဖြစ်မှာပေါ့။ အရင်ကလဲ အဲလိုပဲလုပ်ခဲ့တာဆိုတော့လေ။” ဟု ပြောသည်။
၎င်းတို့ ၅ ဦးကို ယခုလက်ရှိ ဟားခါးမြို့ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရသည်။
လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း Agape ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံဆရာဝန် ၂ ဦးအပါအဝင် လူ ၃ ဦးကို စစ်ကောင်စီတပ်က ၎င်းတို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလလယ်ပိုင်းတွင် ဒေသကာကွယ်ရေးဘက်မှ ထိန်းသိမ်းထားသည့် ဌာနဆိုင်ရာအရာရှိများနှင့် လဲလှယ်ပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
အလားတူ မေလ ၂၁ ရက်နေ့ညကလည်း ဟားခါးမြို့ပေါ် ရပ်ကွက်တချိူ့ကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းများစစ်ဆေးရာတွင် ပြည်သူအယောက် ၂၀ ခန့် ဖမ်းဆီးသွားသည်ဟု သိရသည်။