ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ရေးအရအရေးပါသော အော်တိုတောင်စခန်းကို ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်မှာ သိမ်းပိုက်ရရှိကြောင်း သိရသည်။
အော်တိုတောင်စခန်းကုန်းသည် ဟားခါး-ထန်တလန်ကြားမှာ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်ပြီး ယနေ့မနက်ပိုင်းကစ၍ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်း ၃ နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ ထန်တလန်မြို့ဘက်ကို တပ်ဆုတ်ထွက်ပြေးသွားကြသည်ဟု ဆလိုင်းထက်နီကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အော်တိုတောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာ၊ Y-12 ဗုံးကြဲလေယာဉ်များဖြင့် စစ်ကောင်စီက အပြင်းအထန် ခုခံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ချင်းပြည်အစိုးရတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ကစ၍ Jericho စစ်ဆင်ရေးအမည်ဖြင့် ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
ယနေ့ညနေပိုင်းတွင် အော်တိုတောင်စခန်းကို ချင်းပြည်အစိုးရတပ်က ထပ်မံသိမ်းပိုက်ရရှိပြီးနောက် ယခုလက်ရှိတွင် ဟားခါး-ထန်တလန်ကြားတွင် စစ်ကောင်စီခန်း တစ်ခုမှမရှိတော့ကြောင်း သိရသည်။