Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အစာရေစာ ရှားပါးမှုနဲ့ ရင်ဆိုင်လာရတဲ့ ချင်းပြည်သူတွေ

အစာရေစာ ရှားပါးမှုနဲ့ ရင်ဆိုင်လာရတဲ့ ချင်းပြည်သူတွေ

0
By Editor on December 21, 2023 Featured

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်က ဒေသခံပြည်သူတွေဟာ သဘာဝဘေးဒဏ်နဲ့ ပိုးမွှားဒဏ်တွေကြောင့် စပါးနဲ့ စိုက်ခင်းတွေ ပျက်စီးပြီး အစာရေစာ ရှားပါးမှုက ပိုဆိုးဝါးလာပါတယ်။

ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်မပြေမှုဟာ အခြေခံ စားဝတ်နေရေး မဖူလုံမှုကို ဖြစ်ပေါ်လာပြီး သားသမီးတွေရဲ့ ပညာရေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရပ်ရွာအရေးနဲ့ လူမှုရေးကိစ္စတွေကိုပါ သက်ရောက်လာသလို ချင်းပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေးကိုပါ ရိုက်ခတ်လာနေပါတယ်။

ပင်းလောင်း၊ ငလွယ်၊ အထက်လှယ်၊ ကောက်တူ၊ ခေးလောင်း၊ မရွှီ၊ ပန်းကွင်းနဲ့ မာကြားစု စတဲ့ ဝိတိုရိယတောင် ဝန်းကျင်းက ဒီကျေးရွာတွေရဲ့ ဒေသခံ (၆၀၀) ခန့်ဟာ ဒီနှစ်မှာ စပါး၊ ပြောင်း၊ ဆတ်ဝါတွေကို တောင်ယာစိုက်ပျိုးခဲ့ကြပေမယ့် အများအပြား ပျက်စီးခဲ့ပါတယ်။

“ဝိတိုရိယဝန်းကျင်းမှာ ဒီနှစ်က မိုးများလို့ သဘာဝဘေးဒဏ်ကြောင့် ပိုးဒဏ်ကြောင့် စပါးတွေလည်း ပျက်စီးနေတယ်။ ပြောင်း တွေလည်း ပိုးစားလို့ အဖူးလည်း မထွက်ဘူး။ အဲလို ခက်ခဲတယ်။ ဆတ်ဝါဆိုရင်လည်း မိုးများလို့၊ ပြောင်းဆိုရင် လည်း မိုးများလို့ လဲလို့ အနှံလည်းမထွက်၊ ဆတ်ဝါတွေလည်း မိုးများလို့ လည်လို့ အနှံမထွက်၊ ကျနော်တို့ ဝိတိုရိယဝန်း ကျင်မှာတော့ ဒီနှစ်ကတော့ အစားရေစာ ရှားပါးဖို့ ဖြစ်ပါတယ်။ ခေါင်းပါးဖို့ ဖြစ်ပါတယ်” လို့ အဲဒီက ဒေသအခြေအနေကိုသိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တောင်ဇလပ်နီက ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါး ရှိလာချိန်မှာ ကန်ပက်လက်မြို့နယ်က ပြည်သူတွေဟာ အခြေခံစားနပ် ရိက္ခာတွေ မဖူလုံးတဲ့အတွက် လက်ရှိမှာ တချို့မိသားစုတွေဟာ တနေ့ကို ၂ နပ်သာ စားနိုင်တော့တယ်လို့ ဒေသခံတွေနဲ့ ပအဖ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၀ ခန့်ရှိတဲ့ ဦးတောင်ဇလပ်နီလည်း ဒီနှစ်မှာ တောင်ယာစပါးအတွက် ၄ ဧကနီးပါး ခုတ်ပြီး စိုက်ပျိုးပေမယ့် မိုးဒဏ်၊ လေဒဏ်နဲ့ ပိုးမွှားဒဏ်တွေကြောင့် စိုက်ခင်းရဲ့ သုံးပုံတစ်ပုံခန့်သာ ရရှိခဲ့ပါတယ်။ ဒါက မိသားစုဝင် ၁၄ ဦးရှိတဲ့ သူတို့မှာ ၃ လစာသာ လောက်ငှပါတယ်။

ဝိတိုရိယဝန်းကျင်းက ဒေသခံပြည်သူတွေဟာ လက်ရှိမှာ စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် အခုကတည်းက ဆန်ဝယ်စားနေရတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးမှုကို အာဏာသိမ်းပြီးနောက် ပြန်လုပ်ကိုင်လာကြပေမယ့် အဆင်မပြေပဲ ပိုခက်ခဲလာနေကြတာပါ။

“ကျနော်တို့ စားဝတ်နေရေးအတွက် နေညမပြတ် လုံးထွေပြီးမှ ညအိပ်ရင်လည်း နိုးလာပြီး ဘယ်လို ဆန်ဝယ်ရမလဲ၊ ဘယ်နေရာမှာ ဆန်ဈေးချိုသလဲ၊ ဆန်ဝယ်ရင်လည်း ဘယ်နည်းလမ်းနဲ့ ကိုယ့်ရွာနား ရောက်လာမလဲ ဘယ်ကားက ဈေးချိုမလဲ ၊ ခုက ဆန်ဝယ်မယ့်အရေးပဲ။ ကျနော်တို့မှာ တကယ်ခက်ခဲပြီးစိတ်သောက ဖြစ်ရတာပေါ့နော်။ ဒီကာလမှာ ရွေ့ပြောင်း တောင်ယာသမားတွေဟာ” လို့ အဲဒီရွာတွေရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နေ့စဉ် ဆန်ရရှိရေးကိုသာ ဦးစားပေးနေရတဲ့အတွက် အဝတ်အထည်တွေကိုလည်း ဒီနှစ်ပိုင်းတွေမှာ မဝယ်နိုင်ကြပါဘူး။ နေအိမ်ရဲ့ အမိုးအကာတွေကို မပြင်ဆင်နိုင်ဘဲ ဆန်ရရှိရေးကိုသာ သုံးစွဲနေရတဲ့ ဒေသခံတွေရှိသလို စစ်ဘေးရှောင်ရ ချိန်မှာလည်း အမိုးအကာထက် ဆန်ကိုပဲ ဦးစားပေးဝယ်ရတဲ့ ဒေသခံတွေရှိနေတယ်လို့ ဝိတိုရိယတောင်ဝန်းကျင်းက ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ လူဦးရေ နှစ်သောင်းခွဲခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတယ်လို့ မြို့နယ်ပအဖက ခန့်မှန်းပါတယ်။

ကန်ပက်လက်မြို့နယ်မှာ စပါး၊ ကော်ဖီ၊ လက်ဖက် စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ပင်မစီးပွားရေးအဖြစ် ဖျံဥစိုက်ပျိုးရေးကို လုပ်ကိုင်ကြတာ ၁၅ နှစ်ခန့်ရှိလာခဲ့ပြီး ဒီနှစ်မှာတော့ ဖျံဥ ဈေးနှုန်းက အာဏာမသိမ်မိကထက် သုံးဆနီးပါး ကျဆင်းသွားပါတယ်။

အဲဒီက ပြည်သူတွေဟာ ဆန်အတွက် ယောနှင့်ဆောဘက်က အဓိက ဝယ်စားကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ထက် တစ်နှစ် ယောနဲ့ ဆောဘက်က ဆန်စပါး ထွက်ရှိမှုနှုန်းကလည်း ကျဆင်းသွားသလို အဲဒီဒေသမှာလည်း စစ်ဘေးရှောင်တွေ ပိုတိုးလာပါတယ်။

“ကျမရဲ့သုံးသပ်ချက်က အရင်ကတည်းက ဆန်စပါးထွက်တဲ့ နေရာမဟုတ်ဘူး၊ (၂) အချက်က ကျမတို့က စနစ်ကို ရွေ့ပြောင်းတောင်ယာခုတ်တဲ့စနစ်ကို ပိတ်လိုက်တာကြာပြီ။ ဆယ်စုနှစ်တစ်စု၊နှစ်ဆုလောက်ရှိပြီ။ နောက်တချက် ကတော့ ကျမတို့ရဲ့ဆက်စပ်နယ်မြေဖြစ်တဲ့ ကျမတို့ အဓိကလုပ်တဲ့ နယ်မြေ စစ်ကောင်စီက ဖြတ် (၄) ဖြတ်လုပ်တဲ့ ၂၀၂၂ လောက်မှာ အောက်ဆန်တွေက လုံးဝ ဝယ်လို့မရတော့ဘူး၊ အခုက ဆောနယ်၊ ယောနယ် ဆန်တွေကိုပဲ မှီခို ရတယ်။ ဆောနယ်၊ယောနယ်မှာလည်း စစ်ကောင်စီကလည်း ခနခန စစ်ကြောင်းထိုးတယ်ဆိုတော့ သူတို့ကလည်း စပါးတွေမစိုက်ပျိုးနိုင်တာ ရှိတယ်၊ပျက်စီးသွားတာလည်းရှိတယ်” လို့ ကန်ပက်လက်မြို့နယ် ပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက ကန်ပက်လက်မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ပြည်သူတွေကို စာနပ်ရိက္ခာဖူးလုံရေးအတွက် တော်လှန်ရေးကာလမှာ တောင်ယာစပါးစိုက်ပျိုးမှုတွေ ပြန်လုပ်ကိုင်ကြဖို့ နှိုးဆော်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနှစ်ထဲမှာ မိုခါမုန်တိုင်းအပါအဝင် ရာသီဥတုဒဏ်နဲ့ ပိုးမွှားအကောင်တွေကြောင့် ကန်ပက်လက်မြို့နယ်ထဲက တောင်ယာသမားတွေရဲ့ စိုက်ခင်းတွေ အများအပြား ပျက်စီးခဲ့ရပါတယ်။

လက်ရှိမှာ တမြို့နယ်လုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာလည်း စားနပ်ရိက္ခာ ဖူလုံမှု (Food Security) အတွက် အန္တရာယ်ကျ ရောက်နေရပြီလို့ မြို့နယ်ပအဖက တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုစိုက်ပျိုးရေးနဲ့ စာနပ်ရိက္ခာတွေ အဆင်မပြေမှုကြောင့် ပြည်သူတွေဟာ အရင်က ရှာထားတဲ့ ပစ္စည်းတွေ ထုခွဲရောင်း ချပြီး စားသောက်ရသလို တချို့က ငွေကြေးချေးငှားပြီး ရပ်တည်နေကြရပါတယ်။

အာဏာမသိမ်းမှီက ငါးသောင်းပင် မရှိခဲ့တဲ့ ဆန်အမျိုးအစာဟာ လက်ရှိမှာ တစ်သိန်းကျော်အထိ ပေးဝယ်နေရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် စစ်ကောင်စီတပ်ရဲ့ ဖြတ် (၄) ဖြတ်နဲ့ ကန့်သတ်ပိတ်ဆို့မှုတွေဟာ ကန်ပက်လက် မြို့ဒေသခံတွေကို ဆန်ရရှိဖို့ကလည်း ပိုခက်ခဲသွားစေပြန်ပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ခုခံတော်လှန်ရေးကာလ ဒီလိုအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ပြန်လည်ထူထောင်ရေးတွေ ပံ့ပိုးချင်ပေမယ့် ဘဏ္ဍာငွေနဲ့ နည်းပညာ လိုအပ်ချက်တွေ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေဟာ စားနပ်ရိက္ခာဖူလုံဖို့ ပြည်တွင်း/ပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေကန ကူညီထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေပါတယ်။ ကန်ပက်လက်မြို့နယ်မှာ တော်လှန်ရေး ကာလအတွင်း အရပ် ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ မရရှိသလောက် နည်းပါးလွန်နေပါတယ်။

ပြည်သူတွေဟာ နေ့စဉ် စားဝတ်နေရေးမှာ လုံးပန်းနေရတဲ့အတွက် လာမယ့်နှစ်မှာ စိုက်ပျိုးရေးလုပ်ကိုင်နိုင်ဖို့ ချေးငွေအကူအညီတွေ လိုအပ်နေသလို စိုက်ပျိုးရေးနည်ပညာတွေလည်း လိုအပ်နေပါတယ်။ ဒါ့အပြင် မွေးမြူးရေး လုပ်ငန်းတွေ အတွက်လည်း မတည်ထောက်ပံ့မှုတွေကို ဒေသခံပြည်သူတွေ လိုအပ်နေပါတယ်။

တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာမှုနဲ့အတူ ကူညီထောက်ပံ့မှုတွေကို ပြည်သူတွေ မရရှိပါက လာမယ့်နှစ်တွေမှာ အခြေအနေ ပိုဆိုးဝါးလာနိုင်တယ်လို့ ကန်ပက်လက်မြို့ ပအဖမှ တာဝန်ရှိသူက ပြောပါတယ်။

“ဆင်းရဲ့မွဲတေးမှုဟာ တော်လှန်ရေးနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ ယူဆတယ်။ တော်လှန်ရေးရဲ့ အရွယ်အစားကို ပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေးစပြီဆိုတုန်းက ပြည်သူတွေကလည်း စားဝတ်နေရေးဖူလုံတော့ အရမ်းကို တွန်းအားပေးနိုင်ခဲ့တယ်။ ။ဒီလိုမျိုး စီးပွားရေးက အရမ်းကြပ်တည်းလာတယ်၊ ကိုယ့်ဒေသအတွင်းမှာ စိုက်ပျိုးနိုင်တဲ့ တောင်ယာစပါးတွေကလည်း ဒေသအတွင်း စားနပ်ရိက္ခာတွေအတွက် မပြည့်ဘူး၊ ဒီလိုအချိန်မှာ ဒီလိုမျိုးကြုံခဲ့ရတော့ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး တအားကို ဖြစ်စေတယ်။ သူတို့က တော်လှန်ရေးကိုပါ စိတ်ပါဝင်စားမှု လျော့ကျတယ်။ သဘောက တော်လှန်ရေးအတွက် ထည့်ဝင်ပါအုံးဆိုရင် မထည့်လာနိုင်တော့ဘူးပေါ့။ ကျမအနေနဲ့သုံးသပ်တာက တော်လှန်ရေးအရွေ့နဲ့ ပြည်သူတွေရဲ့ကြံကြံခံနိုင်ရည်က လျော့လာတယ်။ လုံးဝချိတ်ဆက်နေတယ်” လို့ ကန်ပက်လက်မြို့ ပအဖမှ တာဝန်ရှိသူက ပြောပါတယ်။

စားနပ်ရိက္ခာအကျပ်းအတည်းက ချင်းပြည်နယ်မှာ ကန်ပက်လက်မြို့နယ်တစ်ခုတည်းသာ ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်တွေက ပြည်သူတွေဟာလည်း စိုက်ပျိုးရေး အဆင်မပြေမှုတွေအပြင် စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ကန့်သတ်မှုတွေကြောင့် ဆန်ဝယ်ယူလို့မရတာအပါအဝင် စားနပ်ရိက္ခာအကျပ်အတည်းတွေ ရှိနေကြပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.