(006SV)
ချင်းလန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ အဌမအကြိမ် အစိုးရအဖွဲ့အစည်းအဝေးတွင် လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်ကူညီရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့အပါအဝင် ဆုံးဖြတ်ချက် ၁၄ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်နှင့် ဒေသများက တင်ပြလာသော လူမှုဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေများ၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနတို့ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များ၊ စစ်ဘေးရှောင်စခန်းများ ကူညီထောက်ပံ့နိုင်ရေးကိစ္စနှင့် အခြားအကြောင်းခြင်းရာများ ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးချက်များထဲမှ ဆုံးဖြတ်ချက် ၁၄ ချက်ကို ချမှတ်ခဲ့သည်ဟု သိရသည်။
“မိုးတွင်းကာလ ဒေသအချို့မှာ လမ်းပန်းပျက်စီးမှုများကို သက်ဆိုင်ရာဒေသန္တရအစိုးရများနှင့် ပူးပေါင်းပြီး လမ်းပြင်ဆင်တာတွေ၊ ရေကြီးမှုကြောင့် အချို့ တံတားများပျက်စီးမှုများကို အစားထိုးဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖို့တွေ ဖြစ်ပါတယ်။ အချို့ အချက်တွေက လုံခြုံရေးအရ ဖော်ပြလို့ မရသည့် အချက်တွေ ပါနေပါတယ်” ဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
ကျန်းမာရေး၊ ပညာရေးနှင့် တချို့ကိစ္စရပ်တွေသည် အတော်လေး သတိထား အကောင်အထည်ဖော်နေရသော လုပ်ငန်းများဖြစ်၍ လတ်တလောမှာ ဖြေကြားပေးရန် အဆင်မပြေသေးကြောင်း ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
ချင်းပြည်အစိုးရအဖွဲ့၏ အစိုးရဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်က ချင်းလုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည်အစိုးရဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးထိုက်က ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Pu Ram Khlh Cung၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Pu Ram Chum Mang ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Pu Maung Oo၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Salai James Neih Thang ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Dr. Sharon Par၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး Pu Za Thawn နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သည်ဟု သိရသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ကြီးများကလည်း ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

