အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောသည်။
မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ တောင်ကုန်တွင်အခြေစိုက်သော စစ်ကောင်စီစခန်းကို CDF-Hualngoram တပ်ဖွဲ့က ၄၀ မမ အပါဝင် လက်နက်ငယ်များဖြင့် လှမ်းပစ်ခဲ့ရာမှ စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
“ဗုံး သုံးကြိမ် ပေါက်ကွဲသံကြားတယ်။ ပြီးတော့ သေနတ်ပစ်သံတွေကြားရတယ်။ ပြည်သူလူထုတွေ အကုန်လုံးက တစ်ဖက် အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အခုတော့ ပစ်သံတော့ ငြိမ်ပြီ။ ဒါပေမဲ့ ဘယ်သူမှ ရိဖက်ကို ပြန်မသွားရဲကြသေးဘူး။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ယမန်နေ့ကလည်း ရိခေါဒါရ် မြို့အနီးတဝိုက်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိဘူးလို့လည်း သိရသည်။