(005MK)
အိန္ဒိယ-မြန်မာနယ်စပ်အကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်တွင် မေလ ၁၆ ရက်နေ့၌ ငြိမ်းချမ်းစွာ ချီတက်ပွဲ (Peacefully Rally) ပြုလုပ်မည်ဟု သိရသည်။
Zo Reunification Organization (ZORO) အဖွဲ့မှတာဝန်ရှိသူများသည် ယနေ့မေလ ၈ ရက်နေ့ တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ ၎င်းတို့အစီစဉ်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။
ယင်းတွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က မီဇိုရမ်ပြည်နယ်နှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရံခြင်းမပြုလုပ်ရန် နှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုလည်း မဖျက်သိမ်းရန် အိန္ဒိယဗဟိုအစိုးရ တာဝန်ရှိ သူများ ထံတောင်းဆိုခဲ့ဖူးပြီး၊ ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်မည့် အစီစဉ်သည်လည်း ကောင်းမွန်ကြောင်း ထောင့်ပေါင်းစုံ နည်းလမ်းပေါင်းစုံဖြင့် အရေးဆိုလှုပ်ရှားဆောင်ရွက်ရန်လိုအပ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု ZORO တာဝန်ရှိသူတစ်ဦးကပြောသည်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုကို မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီတွင် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေး ရိ-ဇိုခေါထာရ်စခန်း Zokhawthar နှင့် Vaphai ကျေးရွာ ၂ နေရာတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး မီဇိုရမ်ပြည်သူများနှင့် ချင်းပြည်သူများအနေဖြင့် အပြည့်အဝပူး ပေါင်းပါဝင်ပေးကြရန် ZORO အဖွဲ့က တောင်းဆိုထားသည်။
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ကာရံရန်စီစဉ်ခြင်းသည် မိမိတို့လူမျိုးတူမျိုးနွယ်စုများအား ပိုင်းခြားရန်စီစဉ်ခြင်းဖြစ်သည့်အတွက် လက်မခံကြောင်း ZORO ကပြောသည်။
Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင် ရေးလိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။