(005MK)
အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့်ကို မေလ ၁ ရက်နေ့ကစ၍ တင်းတင်းကြပ်ကြပ်ဖြင့် ပိတ်ပင်တော့မည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့ကပြောသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့မှတာဝန်ရှိသူများသည် ယမန်နေ့ဧပြီလ ၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ရှိ ၎င်းတို့ ဌာနချုပ်တွင် နယ်စပ်အနီးကျေးရွာများဖြစ်ကြသော Tlangsam, Zote, Ngur, Ruantlang နှင့် Hmunhmeltha ကျေးရွာများမှ ရပ်ရွာလူကြီးများ၊ ကျန်ဖိုင်းမြို့မီဇိုးလူငယ်အသင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များအား ခေါ်ယူတွေ့ဆုံခဲ့ ကြသည်ဟု သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကြောင့် နယ်စပ်ပိတ်ထားခဲ့ရကြောင်း၊ ဆက်လက်ပိတ်ပင်သွားမည်ဖြစ်သည့်အတွက် ယခုဧပြီလမကုန်ခင်အထိ နားလည်မှုဖြင့် နှစ်နိုင်ငံသားများ နာရီပေါင်း ၇၂ နာရီကြာ သုံးရက်အတွင်း နယ်စပ်ဖြတ်ကျော်နေထိုင်ခွင့်ပြုမည်ဟု အာသံရိုင်ဖယ် တပ်ဖွဲ့ ကပြောဆိုကြောင်း မီဇိုရမ်သတင်းမှာ ဖော်ပြထားသည်။
အကယ်၍ အခြေအနေအမျိုးမျိုးကြောင့် ၇၂ နာရီထက်ကျော်လွန်ပြီး နေထိုင်မည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိသူများကို အရေးယူသွားမည်ဟု ပြောဆိုကြောင်း မီဇိုရမ်သတင်းမှာ ဖော်ပြထားသည်။
မေလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာနယ်စပ်က လမ်းကြောင်းများအားလုံး ပိတ်ပင်သွားမည်ဖြစ်ပြီး အကယ်၍အရေး ပေါ်အခြေအနေများရှိခဲ့ပါက စနစ်တကျဖြင့်စာရင်းမှတ်တမ်းများပြုစုကာ သွားလာခွင့်ပြုမည်ဟု ဆိုသည်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းသည် မြန်မာနိုင်ငံသားများက နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်သန်း၍ မူးယစ်ဆေးဝါး အလုံးအရင်းတင်သွင်းနေမှုအား တားဆီးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့ ကပြောဆိုသည်။
အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်ခဲ့ သော်လည်း နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က တင်းကြပ်လိုက်ပြီး ယခင်ကဲ့သို့ လွတ်လွတ်ဖြင့် ဝင်ရောက်သွားလာခွင့်မရှိတော့ပေ။
ဧပြီလ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ အတိုင်းအတာတစ်ခုအထိ နားလည်မှုဖြင့် ဝင်ထွက်သွားလာခွင့်ပြုထားသော်လည်း မေလ ၁ ရက်နေ့ကစ၍ တင်းတင်းကြပ်ကြပ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိသည်။
အခုလက်ရှိမှာ ချင်းပြည်နယ် ရိခေါဒါရ်မြို့မှ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ရွာကို နေ့ချင်းပြန် ကျောင်းတက်နေကြသော ကျောင်းသူ၊ ကျောင်းသားတွေနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ် ဖြတ်ကျော်ခွင့် ပြုထားကြောင်းသိရသည်။