By မိုးကျော် – ချင်းပြည်နယ်အတွင်း အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းအခြေအနေများ လာရောက် ကြည့်ရှုလေ့လာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ထံ ဖလမ်းမြို့ မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက်များ တင်ပြတောင်းဆို ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr.Saurabh Kumar, အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen နှင့် ပထမအတွင်းဝန် Dr.Muthukumarasamy B တို့သည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ တောင်ဇလပ်ရိပ်သာတွင် တွေ့ဆုံး ခဲ့ကြစဉ် ယခုလို ဒေသလိုအပ်ချက်များ တင်ပြတောင်ဆိုခဲ့ကြခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် အိန္ဒိယသံအမတ်ထံ ဖလမ်းမြို့ မြို့မိမြို့ဖများမှ လေးလက်-တားလ်-ရာလ်လောန်-ကမ္ဘာဏီ ကုန်သွယ်ရေးလမ်း(၉၅/၂)မိုင် အရှည်ကို လမ်းတာချဲ့၍ ကတ္တရာခင်းပေးရန်၊ ရိခေါ်ဒါရ်-ဖလမ်း ကုန်သွယ်ရေး လမ်း(၆၄/၄)မိုင်အရှည်ကို လမ်းတာချဲ့၍ ကတ္တရာခင်းပေးရန်၊ အစိုးရနည်းပညာအထက်တန်းကျောင်းဆောက်လုပ်ပေးရန်နှင့် မြို့နယ်ခန်းမအား RC (၃)ထပ်ဖြင့် ဆောက်လုပ်ပေးနိုင်ရန် စသည့် အချက် (၄) ချက်ကို တင်ပြခဲ့ကြသည်။
အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Dr.Kumar Praveen နှင့် ပထမအတွင်းဝန် Dr.Muthukumarasamy B တို့သည် ဖလမ်းမြို့ မြို့နယ်ခန်းမဆောင်အား ကြည့်ရှုခဲ့ကြကြောင်းလည်း သိရသည်။
ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်နေသည့်စီမံကိန်းများမှာ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ ပလက်ဝ-ဇိုရင့်ပွီးနယ်စပ်ကားလမ်းစီမံကိန်း၊ ရိခေါဒါရ်-တီးတိန်ကားလမ်းသစ်စီမံကိန်း၊ နယ်စပ်ဈေးနှင့် တံတားတည်ဆောက်ရေး စီမံကိန်းတို့ဖြစ်သည်။