Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»၁၀၂၇ စစ်ဆင်ရေးတစ်လပြည့်ပြီးချိန် ချင်းဒေသတစ်ဝှမ်း စစ်ရေးရိုက်ခတ်မှုများ

၁၀၂၇ စစ်ဆင်ရေးတစ်လပြည့်ပြီးချိန် ချင်းဒေသတစ်ဝှမ်း စစ်ရေးရိုက်ခတ်မှုများ

0
By Editor on December 13, 2023 Featured

ရေး – Salai Kuebungbel

မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်နဲ့ ၈ လကျော်ကြာလာချိန် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြိုတင်ထင် မှတ် မထားကြသည့် တော်လှန်ရေးအချိုးအကွေ့တစ်ကွေ့ကို ရောက်ရှိစေမည့် စစ်ကောင်စီ ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ ရခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့မှ တညီတညွတ်တည်း ကြေငြာချက်ထုတ်ပြန်၍ စတင်လိုက်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ဆင်ရေးပထမပိုင်း ငါးရက်အတွင်း စစ်ကောင်စီစခန်း ၉၀ ခန့်နှင့် သေနင်္ဂဗျူဟာကျသည့်မြို့အချို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ (ဧရာဝတီ ၄ နိုဝင်ဘာ ၂၀၂၃)

ချင်းတော်လှန်ရေးအဖွဲ့များ၏ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အောင်ပွဲများ

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်စောစောတွင် ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းတော်လှန်ရေး အင်အားစုများသည် အိန္ဒိယနယ်စပ်မှ မြန်မာစစ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်သည်။ နာရီပိုင်းအတွင်း ထိုစခန်းများကို သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား ၄၃ ဦးသည် အိန္ဒိယနိုင်ငံ မီဇိုရမ် (Mizoram) ပြည်နယ်သို့ ထွက်ပြေးရသည်။ ထိုနေ့ကုန်ဆုံးသောအခါ အရေးပါသည့် အိန္ဒိယနယ်စပ်မြို့ ရိဒ်ခေါဒါရ် (Rihkhawdar) တွင် ချင်းအလံလွှင့်ထူနိုင်သည်။

ရိဒ်ခေါဒါရ်-ဇိုးခေါထာရ် (Rihkhawdar-Zokhawthar) အိန္ဒိယနယ်စပ် ဖြတ်ကျော်ရေး စခန်းသည် မြန်မာမှ အိန္ဒိယသို့သွားသည့် အဓိက ကုန်းလမ်းများအနက် တစ်ခုဖြစ်သည်။ မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၆၀၀၀၀ ခန့်သော မြန်မာဒုက္ခသည်များသည် အိန္ဒိယသို့ထွက်ပြေးကြပြီး မီဇိုရမ်ပြည်နယ် တခုလုံးတွင် ပြန့်ကျဲ နေထိုင်ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defence Force – CNDF) မှ ရိဒ်ခေါဒါရ်နှင့် ဖလမ်းမြို့ကြားရှိ အရေးပါသည့် သီးဘွာလ်(Tibual) စစ်ကောင်စီစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ နောက်တနေ့တွင် ဖလမ်းမြို့အနီးရှိ ဗားရ် (Var) စစ်စခန်းသည်လည်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ စစ်စခန်းကို စွန့်ခွာရသည်။ “စစ်ကောင်စီတပ်သား ၂၉ ဦးအိန္ဒိယဘက်ကို ထွက်ပြေး လာ ကြောင်းကိုအိန္ဒိယရဲများကပြောပါတယ်” ဟုရိုက်တာသတင်းမှာဖော်ပြထားသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် မတူပီမြို့နယ်၊လိုင်လင်းပီမှ စစ်ကောင်စီ၏တပ်စခန်းကို CNA နှင့်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ကာ အိန္ဒိယနယ်စပ် အနီးရှိ လိုင်လင်းပီမြို့သည်လည်း ချင်းတော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားရသည်။ လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသည် အိန္ဒိယနိုင်ငံ လာကီ (Laki) ရွာနယ်စပ်စခန်းသို့ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။ (ဧရာဝတီတိုင်းမ် ၂၈ နိုဝင်ဘာ ၂၀၂၃)

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဇိုလဲန်း (Zoland) ကာကွယ်ရေးတပ်သည် ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင်ထိပ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည်။ ထိုစခန်းသည် စစ်ကောင်စီက ပတ်ဝန်းကျင်မြို့များကို အမြောက်များဖြင့် ပစ်ခတ်ရန် အသုံးပြုလေ့ရှိသည့် စခန်းတစ်ခုဖြစ်သည်။

တစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၅ ခုနှင့် မြို့ ၃ မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိ

ချင်းပြည်နယ်မှာ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီ၏တပ်စခန်း ၅ ခုကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိပြီး၊ မြို့ ၃ မြို့ (Rihkhawdar,Lailenpi,Rezua) ကိုလည်း အပြီးသတ် ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ (Zalen ၂၉ နိုဝင်ဘာ ၂၀၂၃)

လက်ရှိ ချင်းပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် မြို့ပေါ်ရှိ တပ်စခန်းများနှင့် အခြေချတပ်စခန်းကုန်း တချို့ ၌သာ နေရာယူနိုင်

လက်ရှိ ချင်းပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် မြို့ပေါ် ရှိတပ်စခန်းများနှင့် အခြေချတပ်စခန်းကုန်းတချို့၌သာ နေရာယူနိုင်သည့် အခြေအနေဖြစ်ပြီး ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ယန္တရားများ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ လေကြောင်းဖြင့်သာ အဓိကလှုပ်ရှားနိုင်ကြောင်းလည်း Chinland Joint Defense Committee (CJDC ) အထွေထွေအတွင်းရေးမှူး ဆလိုင်းတင်မီက ပြောသည်။

၎င်းက “စခန်းတွေဆုတ်ခွာပြီး မြို့ပေါ် နဲ့တပ်စခန်းကြီးအချို့မှာ ပူးပေါင်း နေရာယူ ထားတယ်။ စစ်ကြောင်းထိုးဖို့မပြောနဲ့ သူတို့ဟာသူတို့ (စစ်ကောင်စီ) လုံခြုံအောင်ပဲ ကာကွယ်နေရတဲ့အနေအထား ဖြစ်ပါတယ်။ သူတို့က ခံစစ်အနေနဲ့ပြင်ဆင်နေသလို ကျွန်တော်တို့ဘက်ကလည်း မြို့တွင်း စစ်ဆင်ရေးကြီးတွေကို တဖြည်းဖြည်းနဲ့ လုပ်သွားဖို့ရှိတယ်” ဟု ပြောသည်။(ဧရာဝတီ ၂ ဒီဇင်ဘာ ၂၀၂၃)

အိန္ဒိယ၏ ခေတ်မမီတော့သည့် မြန်မာဆိုင်ရာမူဝါဒ

စစ်ကောင်စီ၏ မဟာမိတ်များထံတွင် ငွေကြေးလိမ်လည်သည့် ဂိုဏ်းများပျံ့နှံ့နေသောကြောင့် ၁၀၂၇ စစ်ဆင်ရေးကိုတရုတ်က တိတ်ဆိတ်စွာထောက်ခံသည်ဟု မြင်နေကြသည့် အချိန်တွင်ပင် အိန္ဒိယ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ခေတ်နှင့်လိုက်‌လျောညီထွေမှု မဖြစ်တော့ပေ။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး လာသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၇၅ ဦးကိုအိန္ဒိယ၏ မဏိပူရပြည်နယ်သို့ ပို့ပေးပြီး မိုးရေး-တမူးနယ်စပ်စခန်းမှ ပြန်လည်လွှဲပြောင်းပေးသည်။နေပြည်တော်ရှိအိန္ဒိယသံရုံးမှတဆင့် စစ်ကောင်စီက မေတ္တာရပ်ခံသောကြောင့် နယူးဒေလီက ထိုကိစ္စကို တိုက်ရိုက် အမိန့်ပေးကြောင်း ဒေသခံသတင်းသမားများက ပြောသည်။

ဝမ်းနည်းစရာအကောင်းဆုံး အချက်မှာ ရိဒ်ခေါဒါရ်မြို့ မကျစေရန် ချင်းခုခံတော်လှန်ရေး အင်အားစုများကို စစ်ကောင်စီက လေကြောင်းနှင့်အမြောက်များဖြင့် ပစ်ခတ်စဥ် အိန္ဒိယဘက်သို့ ကျည်ကျော်ကျပြီး ဒုက္ခသည် တစ်ဦး သေဆုံးခြင်းဖြစ်သည်။ အိန္ဒိယနယ်နိမိတ်ကို ကျည်ကျော်ကျသည့် အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်း၍ အိန္ဒိယအစိုးရဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ် နေနိုင်ခြင်းသည် အလွန်စိတ်ဝင်စားဖွယ်ရာအချက်ဖြစ်သည်။

အိန္ဒိယလိုအပ်နေသည့် နယ်စပ်လုံခြုံရေး

မြန်မာနိုင်ငံတွင် ဖယ်ဒရယ် ဒီမိုကရေစီရှိမှသာ အိန္ဒိယလိုအပ်‌နေသည့် နယ်စပ်လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်မှု ရနိုင်မည်ဖြစ်သည်။ လက်တွေ့တွင် နိုဝင်ဘာလအစောပိုင်းက စစ်ကောင်စီကြောင့်ထပ်မံ ထွက်ပြေးလာသည့် ချင်းဒုက္ခသည် ၅၀၀၀ အနက်အများစုသည် ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့သို့ စတင် နေရပ်ပြန်နေကြပြီဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံခြင်းသည် စစ်ကောင်စီ ချေမှုန်းခံရသောအခါ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက် ရန်များစွာ အထောက်အကူပြုမည်ဖြစ်သည်။

မှတ်ချက် – (ချင်းရေးရာအဖွဲ့ချုပ် (ICA) တွင် ဖော်ပြထားသော ဆောင်းပါးကို တာ၀န်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.