(၂၀၀၈) ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ ကလေးမြို့တွင်ပြုလုပ်

0

By လားနွန် – (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးကို ကြိုဆိုထောက်ခံသည့်နေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယနေ့နံနက်ပိုင်း ဒေသခံပြည်သူ (၁၀၀၀) ကျော်က စည်တန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် ကလေးမြို့ ရွှေဘုံသာဘုရားကြီးမှ စတင်ပြီး ဗိုလ်ချူပ်ကြေးရုပ် စိုက်ထူသည့်နေရာအထိ ချီတက်ခဲ့ကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရေး ကြိုဆိုထောက်ခံပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကလေးခရိုင် NLD ပါတီဥက္ကဌ ဦးဘမင်းက အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် နိုင်ငံတစ်ခု တည်ဆောက်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု ပြောသည်။

“ဒီနေ့အချိန်ဟာ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အချိန်ကောင်းအခွင့်ကောင်းဖြစ်တယ်၊ ဒီချိန်မှာမပြင်နိုင်ရင် ကျွန်တော်တို့နိုင်ငံအနာဂတ်ဟာ လှပမှာမဟုတ်ဘူး၊ ဒါကြောင့် အနာဂတ်မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်တဲ့အမွေနဲ့ လုံခြုံစိတ်ချရတဲ့မျိုးဆက်တွေကို နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ထားခဲ့ချင်လို့ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းနေတာဖြစ်ပါတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပဲနဲ့မရနိုင်ဘူး’’ ဟု ဦးဘမင်းကပြောသည်။

ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက လွှတ်တော်မှတဆင့် (၂၀၀၈) ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကိုလည်း အဖွဲ့ဝင် (၄၅) ဦးနှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုဆိုထောက်ခံပွဲတွင် ကလေးမြို့ NLD ပါတီဝင်များ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့များနှင့် ပြည်သူလူထု (၁၅၀၀) ခန့်ပါဝင်ခဲ့ကြသည်ဟု သိရသည်။

Share.

About Author

Leave A Reply