(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်၊ ကျင်ဒွေးနှင့် မင်းတပ်မြို့အနီး နေရာများနှင့် ချင်း- မကွေးအစပ်၊ ယောဒေသသည် ယနေ့မှာ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ယခုရက်ပိုင်းအတွင်း ချင်း- မကွေးအစပ်သို့ စစ်အင်အား တစ်ထောင်ခန့် ထပ်မံဖြည့်တင်းလာပြီးနောက် ယနေ့တွင် Y – 12 နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ နေရာဒေသ ၄ ခုကို လေကြောင်းဗုံးကြဲမှု ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက် နေ့လည် ၁ နာရီ ၂၀ မီနစ်ခန့်က ကန်ပက်လက်မြို့နယ်မှ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်သည်ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။
ကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၅ လုံးခန့် လုံးဝပျက်စီးသွားခဲ့ပြီး တစိတ်တပိုင်းထိခိုက်ပျက်စီးသွားသော နေအိမ်များလည်း ရှိကြောင်း၊ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါဌာနက ယနေ့မှာ ထုတ်ပြန်သည်။
ထို့အပြင် ယနေ့ ညနေ ၅ နာရီခန့်တွင် ကျင်းဒွေမြို့ဒေသက တစ်နေရာကိုလည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ယနေ့ ညနေ ၄ နာရီ ၄၅ မီနစ်မှ ၅ နာရီခွဲအချိန်အတွင်းမှာလည်း မင်းတပ်မြို့အနီး နေရာများကို ဂျက်ဖိုက်တာ ၃ စီးဖြင့် တစ်ကြိမ်ကို ဗုံး ၂ လုံး အသုံးပြု၍ ၁၀ ကြိမ်ခန့် ဗုံကြဲတိုက်ခိုက်ခဲ့ကြောင်း၊ Y – 12 လေယာဉ်ဖြင့်လည်း တစ်ကြိမ်ကို ဗုံး ၈ လုံးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။
ယနေ့ ညနေ ၅ နာရီခန့်မှာလည်း ချင်း- မကွေးအစပ် ယောဒေသရှိ ကျောက်ထုမြို့နယ်နှင့် ထီးလင်မြို့နယ်အကြား နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်သွားသည်ဟု သိရသည်။
ယင်းဒေသများကို စစ်တပ်၏ လေယာဉ်အုပ်စုလိုက် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ လတ်တလောမှာ အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း၊ တချို့လေကြောင်းဗုံးကြဲမှုနေရာသည် ရှေ့တန်းစစ်မျက်နှာပြင် နေရာဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။
မေလယ်မှ စတင်၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ၄ လကျော်အတွင်း ယောဒေသနှင့် ချင်းတောင်ပိုင်းသို့ စစ်အင်အား ၄၅၀၀ ခန့် ပို့ဆောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ချင်း – မကွေးအစပ်မှာ စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်ခြင်း၊ စစ်ရေးလှုပ်ရှား ပြင်ဆင်ခြင်းများ ဆောင်ရွက်နေသည့်အတွက် အဆိုပါဒေသက ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်နှင့် စစ်တပ်စစ်ကြောင်းများကို သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

