(006SV)
မကွေးတိုင်း၊ ယောဒေသ၊ လောင်းရှည်မြို့မှတစ်ဆင့် ချင်းပြည်တောင်ပိုင်း၊ ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်နေသော အာဏာသိမ်း စစ်တပ် စစ်ကြောင်းများသည် လှိုင်ဒုတ်ရွာအထိ ရောက်ရှိလာပြီဖြစ်ကြောင်း စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၂ ရက် ထုတ်ပြန်လာ သည်။
လောင်းရှည်မြို့တွင် ပြင်ဆင်စုဖွဲ့ပြီးနောက် စစ်ကြောင်းများ ခွဲ၍ အာဏာသိမ်းစစ်တပ်သည် ကန်ပက်လက် မြို့နယ်များသို့ လောင်းရှည်- လှိုင်ဒုတ် – ကျင်ဒွေးလမ်းကြောင်းအတိုင်း စက်တင်ဘာလ ၂၄ ရက်မှ စတင်၍ ထိုးစစ်ဆင်လာရာ အောက်တိုဘာလ ၂၁ ရက်တွင် လှိုင်ဒုတ်ကျေးရွာအထိ ပြန်လည်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် စက်တင်ဘာလ ၂၄ ရက်တွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပွိုင့် – ၆၁၀ တောင်ကုန်း၊ စက်တင်ဘာလ ၂၅ ရက်တွင် ရင်းကဲကျေးရွာ၊ စက်တင်ဘာလ ၂၆ ရက်တွင် ပွိုင့် – ၉၃၄ တောင်ကုန်းနှင့် ဆွဲလွဲကျင်းကျေးရွာ၊ စက်တင်ဘာလ ၂၉ ရက်တွင် ပွိုင့် – ၁၀၅၄ တောင်ကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်တပ်ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာလ ၄ ရက်တွင် မဆွာတီကျေးရွာ၊ အောက်တိုဘာလ ၈ ရက်တွင် ပွိုင့် – ၁၂၇၆ တောင်ကုန်း၊ အောက်တိုဘာလ ၂၀ ရက်တွင် ကျင်ဒွေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာမှ ပွိုင့် – ၁၇၃၂ မှ ခစန်းနေရာနှင့် အောက်တိုဘာလ ၂၁ ရက်မှာ လှိုင်ဒုတ်ကျေးရွာတို့ကို အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
မောချောင်းကျေးရွာနှင့် မဆွာတီကျေးရွာအကြားက တိုက်ပွဲများတွင်း စစ်တပ်နှင့် ပူးပေါင်းသွားသော ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင် များ ပါဝင်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိမှု ရှိကြောင်း သတင်းများ ထွက်ပေါ်နေကာ ခိုနူမ်းသုန်သတင်းအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
စစ်တပ်၏ ထုတ်ပြန်ချက်အရ ကျင်ဒွေးလမ်းကြောင်းတိုက်ပွဲများတွင် ထိတွေ့တိုက်ပွဲ ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်မှ ၁၁ ဦး ကျဆုံးသကဲ့သို့ လက်နက် ၁၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်များ သိမ်းဆည်းရမိသည်ဟု ဆိုသည်။
လောင်းရှည်- လှိုင်ဒုတ်- ကျင်ဒွေးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု စစ်တပ်က ထုတ်ပြန်သည်။
ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်နေသာ စစ်တပ်သည် စတုတ္ထအကြိမ်အဖြစ် ဆလင်း- ကံပြားမှတဆင့် လောင်းရှည်ကို စစ်ယာဉ်တန်း ၁၉၃ စီးဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီးနောက် ကျင်ဒွေးမြို့ဆီသို့ စစ်ကြောင်းထိုးလာသည်အတွက် စက်တင်ဘာလ ၂၆ ရက်မှ လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်းနေဆဲဖြစ်သည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးသည်။
လှိုင်ဒုတ်ကျေးရွာသည် လောင်းရှည်- ကျင်ဒွေးလမ်းမပေါ်တွင် တည်ရှိပြီး အိန္ဒိယ – ချင်း- ရခိုင်တို့ကို ဆက်သွယ်သော ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကျင်ဒွေးမြို့နှင့် ၁၀ မိုင်နီးပါးခန့်သာ ကွာဝေးသည်ဟု သိရသည်။
မေလ ၁၆ ရက်မှစတင်၍ ယနေ့အထိ ချင်းတောင်ပိုင်းမြို့များသို့ စစ်တပ်သည် ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နှင့် ရွှေအောင်သာရွာ စသည့်တို့မှ စစ်မျက်နှာ ၄ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- MOI

