လေကြောင်းဗုံးကြဲမှုမှာ ပါဝင်ပတ်သက်သူ အားလုံးကို မကြာမီ လက်တုံ့ပြန်မည်ဟု ULA/ AA ဆို
(006SV)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးဝန်းနှင့် ကစ္ဆပနီတံတားဝန်းကျင်ကို ယမန်နေ့က စစ်တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွင် အစုအပြုံလိုက် သေဆုံးသူ ၅၀ ဦးအထိ ရှိလာကြောင်း ULA/ AA နှင့် ရခိုင်အင်အားစုများထံမှ သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ ၅၈ ဦးအထိ ရှိလာပြီး ၎င်းတို့ထဲက ၂၂ ဦးထက်မနည်းက ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည်ဟု ULA/ AA က စက်တင်ဘာလ ၂၈ ရက် ညပိုင်းမှာ ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က ကျောက်တော်မြို့ပေါ်တွင် လူစည်ကားသော အိန္ဒိယဈေး အနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားတို့ကို အာဏာသိမ်းစစ်တပ်သည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယဈေးဝန်းအနီးကို ဗုံးကြဲတိုက်ခိုက်ခံမှုဖြစ်စဉ်တွင် လမ်းသွား၊ လမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချ လုပ်သားများ အပါအဝင် အရပ်သားပြည်သူ ၄၉ ဦးအထိ သေဆုံးခဲ့သည်ဟု ULA/ AA က ယမန်နေ့ ညက ထုတ်ပြန်ပြီး ယနေ့မှာ ဆေးရုံတွင် ကျား ၁ ဦး ထပ်မံ သေဆုံးသွားသည့်အတွက် သေဆုံးသူ ၅၀ ဦး ဖြစ်သွားပြီဟု ရခိုင်စာရေးဆရာ ဝေဟင်အောင်ထံမှ သိရသည်။
“ဆေးရုံမှာ နောက်ထပ် ကျား ၁ဦး သေဆုံးတဲ့အတွက် ကျောက်တော်မြို့၊ အိန္ဒိယစျေး ပစ်ခတ်ခံရမှုမှာ သေဆုံးသူ ၅၀ ဦးဖြစ်သွားပြီ။ အလောင်းတွေထဲမှာ ပြာဖြစ်သွားနဲ့ စာရင်းမရတာနဲ့ ဆိုရင် ဒီထက် ပိုနိုင်ပါတယ်။ ကျောက်တော်မြို့၊ ပိုက်သည်ရွာက ဒေါ်ခင်မာ နွယ်(အသက်၃၂နှစ်) ၊ ကိုယ်ဝန် ၉လနဲ့ အတူ မီလောင်းကျွမ်းနေဆဲမှာပင် ကလေးမွေးခဲ့ပြီး ကလေးပင် မီးလောင်းကျွမ်း သေဆုံးခဲ့ ရတယ်” ဟု ဝေဟင်အောင်က သူ့၏ ဆိုရှယ်မီဒီယာမှာ ရေးသားသည်။
အလားတူ ယမန်နေ့က မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် စစ်ရာဇဝတ်မှု မြောက်သော အစုလိုက်အပြုံလိုက် သေဆုံးစေမှုဖြစ်ပြီး အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူများနှင့် ပါဝင်ပတ်သက်သော သူများ အားလုံး၊ ပါဝင်ပတ်သက် ဆက်နွယ်သော အဖွဲ့အစည်းအားလုံးကို အထူးမှတ်တမ်းတင် ထားရှိမည်ဟု ULA/ AA က ကြေညာသည်။
၎င်းတို့ကို တူညီပြီး ထိုက်တန်သော တုံ့ပြန်မှုမျိုးကိုလည်း မနှေးမကြာအချိန်အတွင် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ULA/AA က အသိပေးထုတ်ပြန်ထားသည်။
ULA/ AA နှင့် အာဏာသိမ်းစစ်တပ်တို့သည် အနည်းဆုံး စစ်မျက်နှာပြင် ၇ ခုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အချို့ စစ်မျက်နှာပြင်များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလဆန်းက စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ် ၄ နေရာမှ ထိုးစစ်ကြီး ဆင်နွှဲခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်သည် တပ်လန်ကာ မြေပြင်ထိုးစစ်များတွင် အထိအခိုက်အကျအဆုံး များစွာနှင့် စစ်မျက်နှာအသစ်မှာလည်း ရှုံးနိမ့်နေသည်ဟု ULA/ AA ထံမှ သိရသည်။

