(006SV)
အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးနှင့် ဈေးအနီး ကစ္ဆပနဒီတံတားတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲမှုတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၃၃ ဦးတို့ အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော် ULA/ AA ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ကျောက်တော်မြို့ပေါ်မှ လူစည်ကားရာ နေရာများဖြစ်သော အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတားတို့ကို ဗုံးကြဲတိုက်ခိုက်သည်ဟု ULA/ AA က ယနေ့မှာ ထုတ်ပြန်သည်။
လက်ရှိအချိန်မှာ ဗုံးကြဲခံရမှုကြောင့် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၆ ဦးအထိ ရှိခဲ့ကြောင်း၊ သေဆုံးသည့်အရေအတွက်မှာ နောက်ထပ်လည်း တိုးလာနိုင်ခြေရှိကြောင်း သိရသည်။
ယနေ့ လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ချိန်တွင် အိန္ဒိယဈေးမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူများဖြင့် လူစည်းကာနေချိန်ဖြစ်သည်ဟု ရခိုင်အခြေစိုက်သတင်းဌာနတချို့က ရေးသားသည်။
ယနေ့ ကျောက်တော်မြို့က ဒေသခံပြည်သူများ အစုအပြုံလိုက် သေဆုံးရမှုသည် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်များတွင် မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ULA/ AA ထံမှ သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ကလည်း သံတွဲမြို့နယ်၊ ငပလီကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်အတွင်း အာရက္ခပြည်တွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၂ ဦး သေဆုံးမှု၊ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စစ်ဘေးရှောင်နေရာများ ထိခိုက်ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များလည်း အများအပြား သေဆုံးကြောင်း သိရသည်။

