Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်သို့ ဦးတည်သော စစ်အင်အားထောင်ချီသည် ချင်း- မကွေးအစပ်ကို ရောက်ရှိလာ

ချင်းတောင်သို့ ဦးတည်သော စစ်အင်အားထောင်ချီသည် ချင်း- မကွေးအစပ်ကို ရောက်ရှိလာ

0
By Editor on September 21, 2026 Headline

(006SV)

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို ထိုးစစ်ဆင်နေသော စစ်တပ်သည် စစ်ယာဉ်တန်း ၁၈၀ ကျော်ဖြင့် စစ်အင်အား တစ်ထောင်ခန့် စစ်ကူဖြည့်ရန် ပြင်ဆင်လျက်ရှိရာ ယင်းစစ်ယာဉ်တန်းသည် ချင်း- မကွေးအစပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မကွေးတိုင်း၊ မင်းဘူးမြို့ဘက်မှ တက်လာသော စစ်ယာဉ်တန်း ၁၈၅ ခန့်ဖြင့် စစ်အင်အားတစ်ထောင်ကျော်ပါသော စစ်ကြောင်းသည် ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ ဖြတ်ကျော်ပြီး စက်တင်ဘာလ ၂၀ ရက် လောင်းရှည် ကပစ ၂၅ အတွင်းသို့ ရောက်ရှိလာပြီးဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ကပစ ၂၅ ကို ရောက်ရှိသော စစ်တပ်စစ်ကြောင်းသည် ဆောမြို့ဘက်သို့ မကြာမီ ထပ်မံ ထွက်ခွာလာနိုင်ပြီး လောင်းရှည်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ဆက်သွယ်ရေးလိုင်းများကို စစ်အုပ်စုက ဖြတ်တောက်ထားသည်ဟု သိရသည်။

ဆော – မင်းလယ်- သီးကုန်း၊ တောင်ဘို့ကြီး – ကာက- လောင်းရှည် လမ်းကြောင်းတစ်လျှောက်ကိုလည်း စစ်တပ်သည် အင်အားများ တိုးမြှင့်ချထားပြီး အဆိုပါ လမ်းပိုင်းကို ထိန်းချုပ်ထားသည်ဟု ဆောမြို့နယ် ပအဖအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

မေလယ်မှ စတင်၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ၄ လကျော်အတွင်း ယောဒေသနှင့် ချင်းတောင်ပိုင်းသို့ စစ်အင်အား ၄၅၀၀ ခန့် ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယခုကဲ့သို့ စစ်အင်အား ထောင်ချီ ထပ်မံဖြည့်တင်းလာခြင်းသည် ယောဒေသကို အလုံစုံ ပြန်လည် ထိန်းချုပ်ပြီး အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေးနှင့် တန့်နေသော ချင်းတောင်မြိုု့များကို ထိုးစစ်အဟုန် မြင့်နိုင်ရေး ဆောင်ရွက်လာ ခြင်းဖြစ်သည်ဟု ယောဒေသသတင်းရင်းမြစ်တချို့နှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

ချင်းတောင်သို့ ဦးတည်သော လက်ရှိ အင်အားတစ်ထောင်ခန့်ရှိ စစ်အင်အားသည် ရှမ်းပြည်နယ် အခြေစိုက်တပ်များနှင့် မတ္တရာ မြို့နယ် အရှေ့ခြမ်းရှိ စစ်ခန်းတချို့အား ပြန်လည်ရုပ်သိမ်း၍ စုဖွဲ့မှု ပြုလုပ်ထားသော မကွေးအခြေစိုက် တပ်မ ၈၈ မှ အင်အား များဖြစ်သည်ဟု NUG ၊ မကွေးတိုင်း၊ ပကဖအဖွဲ့က စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်ထားသည်။

သို့ရာတွင် ချင်းတောင်သို့ ဦးတည်သော စစ်ကား ၁၈၀ ကျော်နှင့် စစ်တပ် စစ်ကြောင်းသည် ပဲခူးအခြေစိုက် တပ်မ ၇၇ ၏ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဖြစ်သည်ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

မကွေးအခြေစိုက် တပ်မ ၈၈ နှင့် လက်အောက်ခံတပ်ရင်းတချို့သည် KIA နှင့် PDF ပူးပေါင်းတပ်များဖြင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသော ဗန်မော်မြို့ကို ရောက်ရှိနေသည်ဟု သိရသည်။

လက်ရှိစစ်ယာဉ်တန်းတွင် ရိက္ခာများ၊ လက်နက်ခဲယမ်းများ၊ အတွဲလိုက်ဒုံးပစ်စင်များ၊ ဒရုန်းမျိုးစုံ နှင့် ဂျမ်ဘာများ၊ လက်နက်ကြီးများ တင်ဆောင်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကား ၁၈၀ နဲ့ အင်အား တစ်ထောင်ဝန်းကျင်ကတော့ တပ်မ ၇၇ ရဲ့ လက်အောက်ခံတပ်ရင်း ၁၀ ရင်းပဲ ဖြစ်ပါတယ်။ အဲဒီကားတွေမှာ ရိက္ခာ ၃ လစာလည်း ပါတယ်လို့ သိရတယ်။ ပြီးရင် MRRS လို့ ခေါ်တဲ့ ဒုံးပစ်စင်ပါတဲ့ ကားတွေပါ တွေ့ရတယ်။ အဲတော့ မင်းတပ်၊ ကန်ပက်လက်လို တောင်ပေါ် ဒေသမှာ ဒုံးစစ်ဆင်ရေးပါ ပူးတွဲလုပ်မယ့် အနေအထားမျိုးပဲ။ ဒီဖြစ်တာတာ မဖြစ်တာတော့ မသိဘူးပေါ့နော်။ ဒီတပ်မ ၇၇ ရဲ့ ရည်မှန်းချက်ကတော့ မင်းတပ် – မတူပီကနေ ပလက်ဝနယ်မြေအထိ ပြန်ပြီးတော့ ထိုးဖောက်ဝင်ရောက်မယ့် စစ်ရေးစီမံချက်လို့ သိရပါတယ်။ ဒီတပ်မ ၇၇ က ၂၀၁၈- ၂၀၂၀ မှာတုန်းကလည်း အခု ဒီလမ်းကြောင်းကနေ လာပြီးတော့မှ ပလက်ဝမှာ စစ်ဆင်ရေး လုပ်သွားခဲ့ဖူးတဲ့ တပ်ဖြစ်တယ်။ အခု ရခိုင်ခွင်ကို အာဏာသိမ်းပြီးကာလမှာ ဒုတိယတကြော့ ဝင်ဖို့ ကြိုးစားတဲ့ သဘောလို့ပဲ ကျနော်တို့ ယူဆတယ်။ အခု မင်းတပ်နဲ့ ကန်ပက်လက်မှာလည်း တပ်မ ၉၉ ရဲ့ စစ်ကြောင်းတွေက၊ ကန်ပက်လက်မှာဆိုရင် ကန်ပက်လက်နဲ့ တမိုင်ကွာအထိ ပြန်ဆုတ်ထားရတယ်။ မင်းတပ်ဘက်မှာဆိုရင် မင်းတပ်မြို့အစွန် ဂေါက်ကွင်းနားက ဟော်တယ်နားအထိ စစ်တပ် စစ်ကြောင်းတွေက ရောက်လာတယ်။ တပ်ဖြန့်ထားပြီးပြီပေါ့နော်။ အဲတော့ တပ်မ ၇၇ ရဲ့ တပ်တွေကို အင်အားဖြည့်ပြီးခါမှ မင်းတပ်၊ ကန်ပက်လက်ကို အပြီးအပြတ် သိမ်းပိုက်မယ့် ရည်မှန်းချက်ပေါ့နော်။ ဒါပေမယ့် ချင်းတော်လှန်ရေးတပ်တွေနဲ့ ဘယ်လိုတွေ့မလဲဆိုတာက ဆက်စောင့်ကြည့်ရမယ့် အနေအထားမျိုးလို့ ပြောရမှာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လက်ရှိတွင် ချင်း – မကွေးအစပ်၊ ယောဒေသနှင့် ချင်းတောင်ပိုင်းမှာ စစ်တပ်သည် စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်ခြင်း၊ စစ်ရေးလှုပ်ရှား ပြင်ဆင်ခြင်းများ ဆောင်ရွက်နေသည့်အတွက် အဆိုပါဒေသက ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်နှင့် စစ်တပ်စစ်ကြောင်းများကို သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.