Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းဒေသ ခုခံတော်လှန်စစ်အတွက် ဘာတွေလိုအပ်နေသလဲ?

ချင်းဒေသ ခုခံတော်လှန်စစ်အတွက် ဘာတွေလိုအပ်နေသလဲ?

0
By Editor on August 18, 2022 Featured

Salai Vakok

“လက်နက်ခဲယမ်းရှိလို့ တိုက်တာမဟုတ်ပါဘူး။ တိုက်ရင်းနဲ့ရှာတယ်။ ရှာရင်းနဲ့တိုက်တယ်”

ဤစကားတွေမှာ ရင်နင့်ဖွယ်ဖြစ်ရပ်တွေရှိနေသည်။ နိုင်ငံအနှံ့အပြားက လူထုသည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် လက်နက်စွဲကိုင် တော်လှန်နေသည်မှာ ရက်ပေါင်း ၅၆၀ ကျော်လာပါပြီ။

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်၊ ကလေးဒေသတွင် စစ်ရေးလှုပ်ရှားသည် Vakok–CNDF မှာလည်း စစ်အာဏာသိမ်းမှုကို တော်လှန်နေသော ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ပေါင်းများစွာထဲက တစ်ဖွဲ့ဖြစ်သည်။

ဩဂုတ်လဆန်းက ကလေးမြို့နယ်တောင်ပိုင်းတွင် Vakok – CNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့ (၅) ဖွဲ့သည် အင်အား (၁၅၀) ခန့်ရှိသော စစ်အာဏာသိမ်းတပ်နှင့် (၃) ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်နက်ကြီးများဖြင့် တပန်းသာသော စစ်အာဏာသိမ်းတပ်နှင့် အနီးကပ်တိုက်ပွဲတွင် နောက်ဆုံးနေ့မှာ Vakok – CNDF တို့ ပူးပေါင်းအဖွဲ့သည် လက်နက်ခဲယမ်း မလောက်ငှမှုဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများပြားခဲ့သည်။

Vakok – CNDF တို့ ပူးပေါင်းတပ်ဖွဲ့မှာ ပျှမ်းမျှ (၁၈) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၃) ကျဆုံးခဲ့သည်။ လက်မောင်း၊ ခြေသလုံး စသဖြင့် နေရာတွေမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ၁၉ နှစ်အရွယ် လူငယ်တွေလည်း ပါဝင်သည်။ ထိုနေ့က ကျဆုံးသူတချို့မှာ Sniper ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု Vakok – CNDF စခန်းတာဝန်ခံ ကိုအုပ်ပီးက ပြောသည်။

“၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တော့ အားလုံးက ကျည်မလောင်ငှမှု ဖြစ်သွားတယ်။ တကယ့်အနီးကပ် တိုက်ပွဲဆိုတော့ အော်တိုပဲ ဆွဲရတော့။ အဲဒီအချိန်မှာ နောက်ကနေ ထောက်ပံ့မှု မပေးနိုင်ဘူး။ လိုအပ်တဲ့ ကျည်ဆန်၊ လက်နက်ခဲယမ်းက အခက်အခဲတွေ အများကြီးကြုံရတယ်” ဟု ၎င်းက ဆိုသည်။

ထို ၃ ရက်တာတိုက်ပွဲတွင် စစ်အာဏာသိမ်းတပ်က ပထမရက်မှာ မိုင်းကွင်းမိခြင်းအပါအဝင် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာများပြားပြီး ၁၅ ဦးခန့် သေဆုံးနိုင်သည်။

“အခုချိန်မှာတော့ ရှာရင်းနဲ့တိုက်တယ်။ တိုက်ရင်းနဲ့ ရှာနေရတာဖြစ်တဲ့အတွက် ပြတ်လတ်မှုတွေ အမြဲကြုံနေရတယ်။ ခဏခဏ ကြုံနေရတယ်။ ကျည်ပြတ်တဲ့အချိန်မှာ‌တော့ ကျနော်တို့တွေ ဘယ်လိုမှ ရှေ့တိုးလို့မရဘူး။ ခံစစ်နဲ့လည်း လုပ်လို့မရတော့ နောက်ကို ပြန်ဆုတ်ရတယ်” ဟု ကိုအုပ်ပီးက ပြောသည်။

Vakok – CNDF အပါအဝင် ချင်းတောင်တန်းက ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် မြန်မာနိုင်ငံအနှံအပြားက ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်ကိုင် နွေဦးတော်လှန်ရေးတွင် လက်နက်ခဲယမ်းဝယ်ယူနိုင်ဖို့ ဘဏ္ဍာရေးက ကြီးမားသော အတားအဆီးဖြစ်နေပါသည်။

ကိုအုပ်ပီးတို့အဖွဲ့သည် သေနတ်တစ်လက်ကို သိန်း ၁၆၀ ခန့်၊ နေတိုးကျည်ဆိုရင် တစ်တောင့်ကို ကျပ် ၁၀၀၀၀ ခန့်၊ အေကေကျည်ဆိုရင် တစ်တောင့်ကို ကျပ် ၁၁၀၀၀ ခန့်ဖြင့် ဝယ်ရသည်။ တချို့တိုက်ပွဲရက်များတွင် ကျည်မရှိသောကြောင့် နီးစပ်ရာအဖွဲ့ဆီက ကျည်ကို ချေးငှား၍ တိုက်နေရသည်။

Vakok-CNDF သည် အသက်ကို တိုက်ပွဲတွင်မြှပ်နှံပြီး ဘဝကို လက်နက်ခဲယမ်းဝယ်ယူမှုအတွက် ရင်းနှီးထားရသော်လည်း လက်ရှိတွင် သိန်း ၁၀၀ ခန့် အကြွေးတင်နေသည်။

တော်လှန်ရေးရန်ပုံငွေကို Vakok-CNDF အတွက် အဓိကထောက်ပံ့မှုက ပြည်ပချင်းလူမျိုးတွေဆီက အဓိက ရရှိသည်။ ပြည်တွင်းက လူထုမှာ စိတ်အားထက်သန်မှုရှိသော်လည်း အနည်းငယ်သာ လှူဒါန်းနိုင်ပြီး စစ်တပ်၏ လူအခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ၎င်းတို့ကိုယ်တိုင်က ဒုက္ခရောက်နေကြရသည်။

ချင်းတောင်တန်းက နွေဦးတော်လှန်ရေးတွင် အဓိက အခက်အခဲမှာ လက်နက်ခဲယမ်းမလုံလောက်မှုနှင့် ဘဏ္ဍာရေးချို့တဲ့မှုတို့ဖြစ်သည်ဟု Chinland Joint Defense Committee (CJDC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တီမီက ပြောသည်။ CJDC သည် ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် မြို့နယ်နှင့် မျိုးနွယ်စုတို့ဖြင့် ဖွဲ့စည်းထားသော ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ပါဝင်သည့် တပ်ပေါင်းစုဖြစ်သည်။

လက်နက်ခဲယမ်းနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် CJDC တွင် စစ်သင်တန်းတက်ထားသော စစ်သည်များမှာ တိုက်ပွဲမဝင်နိုင်ဘဲ တခြားနေရာများသို့ ရောက်သွားမှုက ထောင်ချီရှိခဲ့သည်။ လက်နက်အပြည့်အစုံပေး နိုင်မည်ဆိုပါက ထိုစစ်သည်များ၏ အင်အားသည် လွန်စွာပင် ကြီးမားနေပါလိမ့်မည်။ နောက်ပိုင်းမှာ လိုအပ်ချက်များ ကို တဖြည်းဖြည်းနှင့် ဖြည့်ဆည်းလာနိုင်ပါပြီဟု CJDC ကဆိုသည်။

ချင်းဒေသမြောက်ပိုင်းသည် ပြည်ပချင်းများထံမှ တော်လှန်ရေးရန်ပုံငွေ ရရှိသော်လည်း တောင်ပိုင်းသည် ပြည်ပသို့ ချင်းထွက်ခွာမှု နည်းပါ၍ ပြည်ပချင်းများ၏ ထောက်ပံ့မှုက နည်းပါးနေသည်။ သို့သော် ပြည်ပရောက် ချင်းလူမျိုးအများစုအပါအဝင် မြန်မာနိုင်ငံသားများ၏ တော်လှန်ရေးရန်ပုံငွေဖြင့် ချင်းတော်လှန်ရေးကို မောင်းနှင်နေခြင်းဖြစ်သည်။

ချင်းဒေသလက်နက်ကိုင်တော်လှန်မှုတွင် တချို့မြို့မှာ တမြို့လုံးနီးပါး ပြာကျသွားပြီး လူထုမှာ ဒုက္ခသည်များဖြစ်သွားသော်လည်း တတ်နိုင်သမျှအထောက်အပံ့များ ဆက်ပံ့ပိုးကြသည်။ တောထဲတောင်ထဲရောက်နေသော လူထုမှာ အခက်အခဲများစွာ ကြုံနေရသော်လည်း ထောက်ပို့ကြသည်။

“ချင်းတောင်မှာရှိတဲ့ ပြည်သူတွေက သူတိုကိုယ်တိုင်က၊ ထောက်ပံ့မှုက ဒုက္ခသည်စခန်းမှာ နေရပေမဲ့ ကူညီကြတယ်။ သူတို့ တတ်နိုင်သလောက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထောက်ပံ့တာတွေရှိပါတယ်” ဟု CJDC ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတီမီက ပြောသည်။

သို့သော် ပြည်မဘက်မှာ နေထိုင်သော ချင်းလူမျိုးနှင့် ချင်းအဖွဲ့အစည်းများ၏ တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့မှုက ၎င်းတို့ တတ်နိုင်သည်ထက် နည်းပါးလွန်လှသည်ဟုဆိုသည်။

“ချင်းလူမျိုး ချင်းတောင်ပြင်ပက ပြည်မမှာနေတဲ့ ချင်းတွေက အကူအညီတော့ နည်းနည်းပါးပါးပေးတဲ့ သူ ရှိပေမဲ့လည်း အားရသလားဆိုရင်တော့ လုံးဝ အားမရဘူး။ သူတို့ဒီထက် အများကြီး လုပ်နိုင်တဲ့ အနေအထားမှာ ရှိရက်နဲ့ လုံခြုံမှုကြောင့်လား၊ သူတို့ ကြောက်လို့လား ဒါမှမဟုတ် ဒီနေရာမှာ မပါဝင်ချင်လို့လားတော့ မသိဘူး။ ချင်းပြည်နယ် အပြင်ဘက် ပြည်တွင်းထဲမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ပြည်သူတွေက အကူအညီက အားရစရာ သိပ်မရှိဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၁ နှစ်ကုန်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထံက သိန်းတစ်ထောင်ကို CJDC က ရရှိခဲ့ဖူးပြီး ကာကွယ်ရေးအနေဖြင့် ရရှိမှုမှာ လွန်စွာနည်းပါးသည်။ ပညာရေး၊ ကျန်းမာရေးနှင့် သင်တန်းအတွက် ရရှိသော်လည်း လိုအပ်ချက်ထက် နည်းပါးလှသည်။ ချင်းဒေသကာကွယ်ရေးတစ်ဖွဲ့ချင်းစီသို့ ထောက်ပံ့မှုများရှိသော်လည်း လုံလောက်မှု မရှိခဲ့ပါ။

CJDC ရုံးချုပ်၏ တစ်နှစ်လည်ပတ်ဖို့ပင် သိန်း ၃၅၀၀ ခန့်ရှိပြီး ယင်းက စစ်ရေးဆိုင်ရာ အသုံးစရိတ် မဟုတ်ပါ။ စစ်ရေးဆိုင်ရာ အသုံးစရိတ်၏ လိုအပ်ချက်က များပြားလှသည်။ လိုအပ်ချက်များကို စာရင်းပြုစုပြီး အမျိုးသားညီညွှတ်ရေးအစိုးရကို တင်ပြထားသည်။

ချင်းတောင်တန်းလက်နက်ကိုင်တော်လှန်မှုအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ရန်ပုံငွေ ရှာဖွေပေးနိုင်မှုမှာ “ဆင်ပါးစပ်ထဲ နှမ်းပက်” သကဲ့သို့ဖြစ်သည်။ တော်လှန်ရေး အောင်မြင်ရန် လူ၊ လက်နက်နှင့် ဘဏ္ဍာရေး အရေးကြီးချိန်တွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်တိုက်မည့်တာဝန်ကိုယူ၍ ကျေပွန်စွာ တိုက်ခိုက်နေသော်လည်း NUG ၏ အစိုးရတစ်ရပ်ဖြင့် တော်လှန်ရေး ရန်ပုံငွေထောက်ပံ့မှုက နည်းပါးလွန်လှသည်။

“CNF၊ CJDC နဲ့ မြို့နယ်အသီးသီးရဲ့ ခေါင်းစဉ်နဲ့ ရတာရှိတယ်။ အရေးကြီးတာက ရန်ပုံငွေက အခုရတာထက် ပိုရသင့်တယ်လို့ မြင်တယ်။ တကယ်တိုက်နေရတဲ့ ပြည်နယ်တစ်ခုအနေနဲ့ ဒီထက် ရသင့်တယ်လို့မြင်တယ်” ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ထို့အပြင် ချင်းတောင်တန်းက စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ်တွင် မြို့နယ်အလိုက်ဖြစ်စေ၊ မျိုးနွယ်စုအလိုက်ဖြစ်စေ ဖွဲ့စည်းထားသော ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှာ အဖွဲ့အစည်းအနေဖြင့် များပြားနေသည်။

ယင်းက အဖွဲ့အစည်းများ၏ စစ်ရေးစရိတ်သာမက စီမံခန့်ခွဲစရိတ်ကုန်ကျမှုကို မြှင့်တက်စေသည်။ ကြာလာလျှင် တော်လှန်ရေးအောင်မြင်ဖို့ထက် မိမိအဖွဲ့အစည်းခိုင်မာဖို့ဘက်ကို ရောက်လာစေသည် ဟုဆိုသည်။

“အဲလိုဖြစ်လာရင် တော်လှန်ရေး အောင်တာ မအောင်တာထက် ခင်ဗျားအဖွဲ့ရှင်ကျန်ရစ်ရေးက အရေးဖြစ်လာတယ်။ အဖွဲ့အစည်းခိုင်မာရေးဖြစ်လာတယ်။ အဲဒါကတော့ မဖြစ်သင့်ဘူး။ CJDC အောက်မှာ အဖွဲ့တွေ ၁၈ ဖွဲ့ရှိနေတာကို အားမပေးဘူး။ တော်လှန်ရေးက ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်စုပေါ့ဗျာ။ အကုန်စုပြီးတော့ တိုက်ပေါ့” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) များသည် ယခင်က ခုခံစစ်မှ လက်ရှိတွင် ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လာကြသည်။ ဩဂုတ်လ ပထမပတ်က ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၊ အမှတ် (၂) ရပ်ကွက် (တီအိုင်ချောင်း) တောင်ထိပ် မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်ရာတွင် တပ်ရင်းမှုအပါအဝင် ၅ ဦးသေဆုံး၊ ၄ ဦး ထွက်ပြေးလာပြီး CDF ထံအလင်းဝင်ရောက်မှုက ထိုးစစ်ဆင်တိုက်ပွဲများထဲက တစ်ခုဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းတပ်သည် အနော်ရထာစစ်ဆင်ရေးအပါအဝင် စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်နေသောကြောင့် တိုက်ပွဲများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။ ချင်းပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က ထိန်းချုပ်ထားနိုင်ပြီး CDF မှ စစ်သည် ၁၆၀ ခန့်မှာ အသက်ပေးလှူထားရသည်။

CDF တို့ ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လာသည်နှင့်အမျှ ဘဏ္ဍာငွေနှင့် လက်နက်ခဲယမ်းမှာ ပိုမိုလိုအပ်လာ နသည်။ ချင်းခုခံတော်လှန်စစ်၏ ၃ ရက် ၄ ရက်မှ တစ်ပတ်ကြာ တိုက်ပွဲများတွင် သိန်း ၁၀၀၀/၂၀၀၀ နှင့်အထက် ကုန်ကျသည်။ (အေကေ ကျည်တစ်ထောင့်မှာ တစ်သောင်းကျော်၊ သေနတ်တစ်လက်မှာ သိန်း ၁၅၀ ခန့်နှင့် စစ်ပွဲ၏ သယ်ယူပို့ဆောင်ခများ)

Vakok – CNDF သည် အဖွဲ့၏ လက်နက်ခဲယမ်းနှင့် ဘဏ္ဍာရေးကို “ရှာရင်းနဲ့တိုက်၊ တိုက်ရင်းနဲ့ရှာ” နေရသည်။ တခါတရံ တိုက်နေရင်း ကျည်ကုန်သွား၍ ဆုတ်ခွာလာရမှုလည်းရှိသည်၊ တခါတရံ ဘဝတွေ ပေးလိုက်ရသည်၊ တခါတရံ အသက်တွေ ပေးလိုက်ရသည်။

နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းမှုကြောင့် တဟုန်ထိုး ချွတ်ခြုံကျနေသောနိုင်ငံကို ရင်း၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် တိုက်ခိုက်နေရသည်။ စစ်မြေပြင်တွင် တိုက်ပွဲအတွင်း ကျည်ကုန်သွားသော်လည်း Vakok – CNDF တို့ စိတ်မပျက်ကြောင်း ကိုအုပ်ပီးက ပြောသည်။

“တော်လှန်ရေးအောင်မြင်ဖို့ ကျနော်ခံယူချက်က ကျနော်တို့ရဲ့ စိတ်ဓါတ်ပဲလို့ ထင်တယ်။ လက်နက်တွေ ခဲယမ်းတွေက သက်မဲ့တွေ၊ အရေးကြီးဆုံးက သက်ရှိဖြစ်တဲ့ စိတ်ဓါတ်တွေ မှေးမှိန်းမသွားဖို့ပါ”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

September 16, 2026

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.