Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တြိဂံဒေသ ပလက်ဝ၏ အနာဂါတ် ဘာလဲ၊ ဘယ်လဲ

တြိဂံဒေသ ပလက်ဝ၏ အနာဂါတ် ဘာလဲ၊ ဘယ်လဲ

0
By Editor on March 20, 2024 Featured

ရေး – Salai Vakok

မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး မြန်မာ-အိန္ဒိယ- ဘင်္ဂလာဒေ့ရှ်၏ တြိဂံဒေသဖြစ်နေသည့် ချင်းပြည်နယ်က မြို့နယ်တစ်ခုကို ထိန်းချုပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ခုကြားက ပဋိပက္ခမီးပွားမှာ စစ်အာဏရှင်တော်လှန်ရေးကာလတွင် ပိုအရှိန်မြင့်လာသည်။

ယင်းအဖွဲ့တို့သည် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်အတွက် ယနေ့ လက်နက်ကိုင်တော်လှန်နေမှုတွင် ဦးဆောင်မောင်းနှင်သူ များထဲမှာ ပါဝင်နေသည့် အင်အားစုများဖြစ်ကြသည်။

ရခိုင်နှင့် ချင်းအင်အားစုများကြား ပလက်ဝမြို့နယ်ကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုမှာ အာဏာမသိမ်းမှီ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။

သို့သော် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် ပလက်ဝမြို့နယ်၏ အခင်းအကျင်းမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီး လက်ရှိတွင် ပလက်ဝမြို့နယ်ကို ပလက်ဝဒေသဟူ၍ သုံးနှုန်းကာ ရက္ခိုင့်တပ်တော် AA/ ULA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ပလက်ဝကို ပလက်ဝဒေသခံများနှင့် ပလက်ဝဒေသတွင် နေထိုင်သူများက ပိုင်ဆိုင်ကြောင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင် ပြည်နယ်၊ မြို့များကို သိမ်းပိုက်ပြီးနောက် မတ်လပထမပတ်က သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်တပ်တော် AA/ ULA ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ပလက်ဝဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိဖို့အတွက် ပလက်ဒေသဟာ ULA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်ပြီး ထားရှိသွားမှာပါ” ဟု ဦးခိုင်သုခက ပြောသည်။

ပလက်ဝမြို့နယ်အရေးသည် ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး ဆောင်ရွက်နေသည့် ချင်းတော်လှန်ရေးအင်အားစုများအတွက် ချင်းပြည်အနာဂါတ်ကို ပုံဖော်ရာတွင် စစ်အာဏာရှင် တော်လှန်ရေးနှင့်အတူ ဖြေရှင်းရမည့်ပုစ္စာတစ်ပုဒ် ဖြစ်လာနေသည်။

 ၁၀၂၇ စစ်ဆင်ရေးနှင့် ပလက်ဝ

ပလက်ဝမြို့သည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရက္ခိုင့်တပ်တော် AA က ပထမဆုံး သိမ်းပိုက်ရရှိခဲ့သည့် မြို့ဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း ကုလားတန်မြစ်အထက်ပိုင်းက စစ်ကောင်စီ တပ်စခန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင် ထိုးစစ်ဆင်ကာ စစ်စခန်းကြီးများအားလုံးကို သိမ်းပိုက်ပြီးမှ ပလက်ဝမြို့နယ်ကို ရက္ခိုင်တပ်တော် AA က ဇန်နဝါရီလ ၁၄ ရက်တွင် ရရှိခဲ့သည်။

စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”၊ “စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်” နှင့် “တပ်မ (၁၁)” လက်အောက်ခံ တပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်တွင် ဖြန့်ကျက်ထားပြီး ဗျူဟာကုန်းစခန်းများဖြင့် အခိုက်အမာ နေရာယူထားကြောင်း ရက္ခိုင်တပ်တော်က ဆိုသည်။

“ခလရ- ၂၈၉ တပ်ရင်းဌာနချုပ်” သည် တပ်မမှူးများ ပူးတွဲကြီးကြပ် ကွပ်ကဲနေသည့် “စစ်ဗျူဟာကုန်းကြီး” ဖြစ်သည်။

ရခိုင်နှင့် ချင်းအတွက် နယ်စပ်ကုန်သွယ်ရေးနှင့် စစ်ရေးအရ လွန်စွာအရေးပါသော ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက စစ်စခန်းကြီးများ အခိုင်အမာတည်ဆောက်ထားမှုကို ရက္ခိုင်တပ်တော်က နှစ်လကြာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောက်ထပ်နှစ်လနီးပါးအကြာတွင် ရခိုင်ပြည်နယ်အတွင်းက မြို့ (၈) မြို့ကို ထပ်မံသိမ်းယူနိုင်ခဲ့သည်။

ယင်းအချက်က ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော်အတွက် စစ်ရေးအရနှင့် အုပ်ချုပ်မှုထောက်ပို့ လမ်းကြောင်းအတွက် အရေးကြီးသော မြို့တစ်ခုဖြစ်နေကြောင်း သက်သေခံနေသည်။

ပလက်ဝမြို့ကို သိမ်းပိုက်ပြီး တစ်လကျော်အကြာတွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမျိုးစုများထဲက သင့်လျော် သူများကိုပါ ထည့်သွင်း၍ ပလက်ဝမြို့နယ်၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ရက္ခိုင်တပ်တော် AA/ ULA က အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

“ပလက်ဝကို သူပိုင်တယ်၊ ငါပိုင်တယ် ပြောနေဖို့ထက် ပလက်ဝဒသကို စစ်အာဏာရှင်လက်အောက် လွတ်မြောက်ပြီးရင် ပလက်ဝဒေသဟာ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံတဲ့ အနာဂါတ်ကို တည်ဆောက်ဖို့ ဆိုတာက ပိုပြီး အရေးကြီးတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ရန်လည်း ဒေသခံမျိုးနွယ်စု ရပ်မိရပ်ဖများထဲက သင့်လျော်သူများကို မိမိတို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဖိတ်ခေါ်ထားသည်ဟု ULA/ AA က ပြောသည်။

ရက္ခိုင့်တပ်တော် AA သည် ပလက်ဝမြို့နှင့် ဆမီးမြို့တွင် ချင်းနှင့် ရခိုင်လူမျိုးဒေသခံ (၅) ဦးနှင့် AA/ULA က (၃) ဦးတို့ဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းမည်ဖြစ်ပြီး ရခိုင်လူမျိုးက ပိုများကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးတွင် ၅ ဦးဖြင့် ရွေးချယ် ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း ပလက်ဝမြို့နယ်ထဲမှ ဒေသခံတစ်ဦးက ပြောသည်။

ဆမီးမြို့ပေါ် အုပ်ချုပ်ရေး ဖော်ဆောင်မှု အစီအစဉ်တွင် ချင်းလူမျိုးအများစုက လက်မခံဘဲ ရခိုင်လူမျိုးများကသာ လက်ခံကြသည်။

“ပလက်ဝက အေအေ ထိန်းချုပ်တာကို မခံချင်လို့ရယ် ၊ ဝန်ထမ်းတွေကို အေအေက စီမံခန့်ခွဲမယ်ဆိုတော့ အေအေထဲ မပါချင် တာလည်း ပါတယ်။ အေအေ တပ်ဖွဲ့ထဲ ဝင်သွားသလို ဖြစ်နေမလား၊ အရေးယူခံရမလားဆိုတာ စိုးရိမ်တော့ ဝန်ထမ်းတွေက အကုန်လုံးထွက်ကြတယ်” ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

 ပလက်ဝမြို့နယ်က ချင်းလဲန်းအိမ်မက်ဖော်ဆောင်နိုင်ရေး ဘယ်လောက်အရေးပါသလဲ

ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးက ၈၈၀၀၀ ကျော်၊ ရခိုင်က ၁၈၀၀၀ ကျော်၊ ဗမာက ၁၅၀ နီးပါးဖြင့် အများဆုံး နေထိုင်ကြကြောင်း၊ ရာခိုင်နှုန်းအချိုးစားဖြင့်ကြည့်မည်ဆိုပါက ချင်းလူမျိုးမှာ ၈၂ ရာခိုင်နှုန်းကျော်နှင့် ရခိုင်လူမျိုးမှာ ၁၇ ရာခိုင်နှုန်း နေထိုင်လျက်ရှိ ကြောင်း မင်းတပ်ခရိုင်၊ မြို့နယ်ထွေအုပ်ဦးစီးဌာန၏ ၂၀၂၀ ခုနှစ် စာရင်းအရ သိရသည်။

ပလက်ဝမြို့နယ်သည် အရှေ့ဘက်တွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များနှင့် ထိစပ်နေပြီး အနောက်ဘက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတွင်နှင့် ထိစပ်နေသည်။

ထို့ကြောင့် အိန္ဒိယ- မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကုန်သွယ်ရေးတွင် အရေးပါးသော အဓိက လမ်းကြောင်းပေါ်တွင် ပလက်ဝ မြို့နယ်က တည်ရှိနေသည်။

အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဆက်သွယ်မည့် ကားလမ်းဖောက်လုပ်ရေးနှင့်ပတ်သက်၍ မီဇိုရမ် ပြည်နယ်အထက်လွှတ်တော်အမတ် Pu Vanlalvena နှင့် AA/ULA တာဝန်ရှိသူတို့ ဖေဖော်ဝါရီလကနှစ်နိုင်ငံနယ်စပ်မှာ တွေဆုံ ဆွေးနွေးခဲ့သည်။

ပလက်ဝမြို့နယ်သည် ရေနက်ဆိပ်ကမ်းနှင့် ပင်လယ်ထွက်ပေါက်ရှိသည် ချင်းပြည်၏ တစ်ခုတည်းသော မြို့ဖြစ်ပြီး အိန္ဒိယ- မြန်မာ ပူးပေါင်းအကောင် အထည်ဖော်သည့် အမေရိကန်ဒေါ်လာသန်း ၄၈၀ ကျော်ကုန်ကျမည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကြီးလည်း ရှိနေသည်။

“ကျနော်တို့ အခုသွားနေတဲ့ တော်လှန်ရေးက နောက်ကျနေတဲ့ ချင်းပြည်ရဲ့ စီးပွားရေးကို တခြားတိုင်းရင်သားတွေနဲ့ တန်းတူဖြစ်ဖို့၊ ကျနော်တို့က မြန်မာနိုင်ငံတွင်းမှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို တန်းတူဖြစ်ရေး သွားနေသလို ချင်းပြည်ရဲ့ အကျိုးစီးပွား အတွက် အကျိုးပြုနိုင်တဲ့ ပလက်ဝလို ဒေသကို ကျနော်တို့ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ဖြစ်သင့်တယ်ဆိုတဲ့ ဟာနဲ့ ပြောချင်တယ်” ဟု CDF – ပလက်ဝမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်အတွင်း လက်ရှိမှာ ရက္ခိုင့်တပ်တော် AA အပြင် ချင်းအမျိုးသားတပ်ဦး CNF/CNA လည်း စစ်ရေးလှုပ်ရှားနေပြီး CDF- ပလက်ဝ၊ CDF – Daai ၊ CDF – မရာနှင့် MDF/ MTC စသည့် ချင်းတော်လှန်ရေးအဖွဲ့ (၄) ခုသည်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွဲဖက်၍ စစ်ရေးဖော်ဆောင်နေကြသည်။

ရက္ခိုင့်တပ်တော်က ပလက်ဝမြို့ကို စစ်ကောင်စီလက်ထဲမှ သိမ်းယူနိုင်ခဲ့ခြင်းကို ဝမ်းသာဂုဏ်ယူကြောင်း၊ စစ်ရေးလိုအပ်ချက်အရနှင့် ကုန်သွယ်ရေးလမ်းကြောင်းအရ စခန်းများ သိမ်းယူခြင်းက ဖြစ်သင့်ကြောင်း၊ ဖြတ်သန်းသွားလာခြင်းကို လက်ခံကြောင်း CDF – ပလက်ဝက ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သို့သော် ULA/ AA က ပလက်ဝမြို့နယ် အုပ်ချုပ်ရေးကို တိုက်ရိုက်ကိုင်တွယ်မှုက လူထုအနေဖြင့် လက်ခံလား၊ ဘယ်လောက် အတိုင်းအတာအထိ ထောက်ခံအားပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

ULA/ AA က ပလက်ဝမြို့နယ်ကို တိုက်ရိုက်အုပ်ချုပ်ရေး ဖော်ဆောင်လာမှုသည် မဖြစ်သင့်သည့်အတွက် မိမိတို့အနေဖြင့် မကြိုက်ကြောင်း CDF ပလက်ဝ၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပြည်သူလူထုရဲ့ ဝန်ဆောင်မှုတွေကို ပေးတဲ့ နေရာမှာ ULA ရဲ့ အုပ်ချုပ်ရေးကနေ တိုက်ရိုက်သွားပြီးတော့မှ ပြည်သူတွေကို ဒါလုပ်ရမယ်၊ ဒါဖြစ်ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ မူဝါဒတွေ ချမှတ်လာရင် ရေရှည်မှာ ဒေသအတွင်းမှာ ရှိတဲ့ ပြည်သူလူထုတွေနဲ့ရော ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF ပလက်ဝအနေနဲ့ရော နောက်ဆုံး ချင်းဆိုတဲ့ လူမျိုးကြားထဲမှာရော ချင်းလူမျိုးတွေရဲ့ အိမ်မက်ဖြစ်တဲ့ “ချင်းပြည်ပလက်ဝ” ဆိုတဲ့ ခေါင်းစဉ်အနေနဲ့ရော ကျနော်တို့ ကြားထဲမှာ ပွတ်တိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီလိုတော်လှန်းရေးကို အလုံးစုံ မအောင်နိုင်သေးခင်မှာ တိုင်းရင်းသားလူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကြားထဲမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်သင့်တယ်။ တိုင်ပင်သင့်တယ်။ ညှိနှိုင်းသင့်တယ်” CDF – ပလက်ဝ၊ တာဝန်ရှိသူက ပြောသည်။

 ချင်းအရပ်ဖက်အဖွဲ့အစည်းများ၏ တုန့်ပြန်ချက်

ပလက်ဝမြို့နယ်အတွင်း အများဆုံး နေထိုင်သည့် ချင်းမျိုးနွယ်စု ခူမီးတို့သည် AA/ULA က အခြေချနေထိုင်မှုကို ယခင်ကတည်းက ကန့်ကွက်ခဲ့ဖူးသည်၊ ဒေသခံများ အခြေချခွင့် မပြုသရွေ့ အတင်းအဓမ္မအုပ်ချုပ်မှုက မလိုလားအပ်သည့် ပြသနာများကို ဖြစ်စေ နိုင်ကြောင်း ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ချင်းလူမျိုးများ၏ သဘောတူညီမှုမရှိဘဲ ပလက်ဝမြို့နယ်တွင် အခြေစိုက်မည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နယ်မြေ ပိုင်ဆိုင်ရာကို ကျူးကျော်မှုဟူ၍ သတ်မှတ်နိုင်ကြောင်း ဆလိုင်းမာန်ဟရဲလျန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ ဥက္ကဌ ဆလိုင်းထန်းနိုင်းတို့က ပြောသည်။

“သူတို့ကလည်း သူတို့ ပြောထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ ချင်းတော်လှန်ရေးအင်အားစု ဘက်က ဒါကို လက်ခံမှာ မဟုတ်ဘူး။ ရေရှည်မှာ မလိုလာအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲက လူမျိုးရေးအသွင်တောင်မှ ဖြစ်လာနိုင်တယ်။ AA အနေနဲ့လည်း ဒါကို ဆင်ဆင်ချင်ချင် လုပ်သင့်တယ်။ လက်ရှိအနေအထားမှာ သူတို့ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ ဒါက သူတို့ နယ်မြေမှ မဟုတ်တဲ့အခါကြတော့ အချိန်တန်အိမ်ပြန်ရမှာပဲ” ဟု ဆလိုင်းထန်းနိုင်းက ပြောသည်။

ULA/ AA အနေဖြင့် လက်ရှိတော်လှန်ရေးကာလ အခြေအနေအရ ၎င်းတို့ ထိန်းချုပ်ထားရခြင်းဖြစ်သည်ဆိုသော သတင်းစကားကို ပေးသင့်ကြောင်း “အဲလိုမဟုတ်ပဲနဲ့ သူတို့အပိုင်လိုလို၊ သူတို့မြေလိုလို သူတို့က ဆက်လုပ်မယ်ဆိုရင် ဒါက ချင်းတွေ ရှိနေသရွေ့ ကတော့ ပဋိပက္ခတော့ ဖြစ်မှာပဲ” ဟူ၍ ချင်းကျောင်းသားများသမဂ္ဂ ဥက္ကဌက ပြောသည်။

ချင်းပြည်က ချင်းလူမျိုးများအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲ ဖန်တီးရမှာဖြစ်ပြီး ရွေးချယ်စရာ (၃) ခုရှိကြောင်း ချင်းအရေး လှုပ်ရှားသူများက ပြောသည်။

ပထမတစ်ခုမှာ စစ်ကောင်စီနှင့် ပူးပေါင်း၍ ၎င်း၏ အစိုးရယန္တရားကို ဆက်လက်လည် ပတ်စေခြင်း ဖြစ်သည်။

ဒုတိယမှာ ရက္ခိတလမ်းစဉ်ကို လက်ခံ၍ ၎င်းနှင့်ပူးပေါင်းပြီး နိုင်ငံရေးယန္တရားကို အကောင်အထည်ဖော် ခြင်းဖြစ်သည်။

နောက်ဆုံးတစ်ခုမှာ ချင်းပြည်၏ အစိုးရအဖွဲ့နှင့်အတူ ကိုယ့်ကံကြမ္မာကို ဖန်းတီးနိုင်ရေး အတူတကွ အကောင်အထည် ဖော်နိုင်ရေးဖြစ်သည်ဟု ချင်းကျောင်းသားများသမဂ္ဂဥက္ကဌကပြောသည်။

“နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူများအနေနဲ့လည်း မှန်မှန်ကန်ကန် ရွေးချယ်ကြဖို့ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်အနာဂါတ်ဖြစ်တယ်၊ ကိုယ့်သမိုင်းဖြစ်တယ်” ဟု ချင်းကျောင်းသားသမဂ္ဂဥက္ကဌ ဆလိုင်းထန်းနိုင်းက ပြောသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်နယ်၏ နယ်မြေများကို နိုင်ငံရေးနည်းအရနှင့် စစ်ရေးနည်းအရ အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ ယူနိုင်ရန် တူညီသည့် ရည်မှန်းချက်ပန်းတိုင်ရှိဖို့ လိုအပ်လာပြီဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က သတိပေးသည်။

ပလက်ဝသည် ချင်းပြည်၏ အသည်းနှလုံးဖြစ်ပြီး ULA/ AA အတွက်မှာ တော်လှန်ရေးကာလ ခုခံနိုင်စွမ်းရှိရန် ယာယီအရေးပါမှု မျှသာဖြစ်ကြောင်း၊ ချင်းပြည်အတွက် စီးပွားရေးအရ မဟာဗျူဟာအရ အရေးပါသော မြို့နယ်မှာ ပဋိပက္ခဖြစ်ပွားအောင် AA/ ULA က လုပ်မည်မထင်ကြောင်း ဆလိုင်းဒိုခါရ်က သုံးသပ်သည်။

ပလက်ဝအရေးနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်လာခဲ့လျှင် ပို၍ နစ်နာမည်သူမှာ ရခိုင်အင်အားစုတို့ ဖြစ်၍ နယ်မြေလုခြင်းမျိုး ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ဆလိုင်းဒိုခါရ်က ဆိုသည်။

ချင်းတော်လှန်ရေးအင်အားစုများ၏ ပလက်ဝကို စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ ပလက်ဝဒေသတစ်ခုထဲကို စိုးရိမ်ပူပန်နေခြင်း ထက် ချင်းပြည်လွတ်မြောက်ရေးကို ပိုအာရုံစိုက်သင့်ကြောင်း ရက္ခိုင်တပ်တော် AA/ULA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ချင်းပြည်၏ မြို့တိုင်းတွင် စစ်ကောင်စီတပ်များ ခိုင်ခိုင်မာမာ အခြေပြု တည်ရှိနေတုန်းဖြစ်ပြီး ချင်းပြည်လွတ်မြောက်ရန် ယင်းစစ်ကောင်စီများကို အရင်တိုက်ထုတ်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။

ချင်းအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ဘဲ ပလက်ဝအရေးအတွက် တော်လှန်ရေးလမ်းကြောင်းက မလွဲချော် သွားရန် အထူးလိုအပ်ကြောင်း AA/ ULAက သတိပေးသည်။

ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့ တချို့ကို AA/ULA က ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ရက္ခိုင့်တပ်တော် နှင့် ချင်းညီနောင်အဖွဲ့ဝင်တချို့သည်လည်း မဟာမိတ်သဘောတူညီမှုများ ရှိထားသည်။

 ပလက်ဝ၊ ULA/AA နှင့် ချင်းအင်အားစုများ တွေ့ဆုံရေး

ပလက်ဝအရေးနှင့် ပတ်သက်၍ ULA/AA ၏ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများတွင် တချို့ ကဏ္ဍများမှာ ပူးပေါင်း ဆောင် ရွက်နိုင်ရေးနှင့် ၎င်းတို့ အကောင်အထည်ဖော်ရန် မသင့်လျော်သည့် တချို့ကဏ္ဍများ အရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ကြိုးပမ်းသွားရန် ရှိကြောင်း CDF – ပလက်ဝ၊ တာဝန်ရှိသူက ပြောသည်။

နှစ်ဖက်အင်အားစုများ ပွတ်တိုက်မှု နည်းနိုင်အောင် ချင်းအင်အားစုများအနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး မိမိတို့ ဖော်ဆောင်နေ သည့် အုပ်ချုပ်ရေးယန္တရာကိုလည်း AA က အပြန်အလှန်လေးစား အသိအမှတ်ပြုရန် လိုအပ်သည်၎င်းက ပြောသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ဝန်ကြီးချုပ်၊ ဦးပါထန်းက ပလက်၀အရေးနှင့်ပတ်သက်၍ ယခုလိုပြောဆိုသည်။

“AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာက မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်း ကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အရာတွေ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်”ဟု ဦးပါထန်းကပြောသည်။

ပလက်ဝမြို့နယ်၏ အနာဂတ်သည် ချင်းနှင့် ရခိုင်ခေါင်းဆောင်များ၏ စာပွဲဝိုင်းပေါ်က တွေ့ဆုံဆွေးနွေးမှု မည်မျှအထိ အောင် မြင်သလဲဆိုသည့်အပေါ်တွင် မူတည်နေပါသည်။

“ချင်းပြည်အရေး၊ ချင်းအမျိုးသားအရေးလို့ ပြောတဲ့အထဲမှာ ပလက်ဝကို ကျနော်တို့ လုံးဝ မမေ့သင့်ဘူး ဆိုတဲ့ဟာကို ပြောလိုပါတယ်” ဟု CDF – ပလက်ဝ၊ ပြောဆိုခွင့်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.