ချင်းတောင်ပိုင်းကို မင်းတပ်၊ ရွှေအောင်သာ၊ ကန်ပက်လက်၊ ကျင်ဒွေး စစ်မျက်နှာများဖွင့်၍ စစ်ကြောင်းထိုးခံနေရဟုဆို
(006SV)
ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) ၏ ထိန်းချုပ်နယ်မြေ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနှင့် အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများအတွင်း ၆ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး အစုအပြုံလိုက်သေဆုံးကြောင်း CPU/ CPA က ယနေ့မှာ ကြေညာသည်။
အောက်တိုဘာလ ၁၈ ရက် ချင်းတောင်ပိုင်း၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး၊ Y – 12 လေယာဉ်ဖြင့် ဗုံးသီး ၆၄ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက် အောက်တိုဘာလ ၁၉ ရက်တွင် လုံးတူ – တွီစပ်လမ်းခွဲနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး၊ ပီချောင်းဆုံကို Y – 12 ဖြင့် ဗုံးသီး ၄၈ လုံး အသုံးပြု၍ ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပထမရက်လေကြောင်းတိုက်ခိုက်မှုတွင် သံထောင်ရွာမှ အသက် ၆ လသားကလေးငယ်အပါအဝင် အမျိုးသားနှင့် အမျိုးသမီး ၇ ဦး၊ ချိုင်းစနူးရွာနှင့် ဘွေလောင်းရွာမှ အမျိုးသမီး ၂ ဦးတို့ သေဆုံးကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ယနေ့ အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်သည်။
ချိုင်းစနူးးရွာနှင့် ကိုဖေကြီးရွာမှာ ဒေသခံပြည်သူ ၄ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ပျံကျဈေးဆိုင် ၂ ဆိုင် လုံးဝပျက်စီးကာ ၅ လုံးမှာ တစိတ်တပိုင်း ပျက်စီးကြောင်း သိရသည်။
ဒုတိယရက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် မကြားအိမ်နူးရွာမှာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပျံကျဈေးဆိုင် ၁ ဆိုင် တစိတ်တပိုင်းပျက်စီးသည်ဟု သိရသည်။
မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်တပ်က အင်အားအများအပြား အသုံးပြု၍ ထိုးစစ်ဆင်လာရာ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်များဖြင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်ဟု CPU/ CPA ထံမှ သိရသည်။
မြေပြင်တွင် အထိနာနေသော စစ်တပ်သည် ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စသည့် စစ်မျက်နှာများအပြင် အင်အားများ ထပ်မံဖြည့်တင်းပြီးနောက် စက်တင်ဘာလ ၂၆ ရက်မှစတင်၍ ကန်ပက်လက်၊ ကျင်ဒွေးမြို့သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေး ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ လက်ရှိအချိန်အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
စစ်တပ်သည် တိုက်လေယာဉ်၊ Y – 12 လေယာဉ်များဖြင့် အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦးများနှင့် ဈေးဆိုင်ခန်းများကိုလည်း အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု CPU/ CPA ထံမှ သိရသည်။
“မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်” ဟု CPU/ CPA က ဆိုသည်။
မြေပြင်မှာ အထိနာနေသော စစ်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အရပ်သားပြည်သူအပေါ် နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်ကို အထူးဂရုစိုက်ပါရန် CPU/ CAP က တိုက်တွန်းထားသည်။
