Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်သူတွေ ဘယ်လိုဖြတ်သန်းနေကြလဲ

ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်သူတွေ ဘယ်လိုဖြတ်သန်းနေကြလဲ

0
By Editor on April 19, 2024 Featured

ရေး – Salai Vakok

တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃ နှစ်ကျော် ဖြတ်တောက်ထားမှုက စစ်ပွဲတွေထဲ ရောက်နေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ဘယ်လိုလူမှုဒုက္ခတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ တွေးကြည်ဖူးပါသလား။

၂၀၂၁ စစ်အာဏာသိမ်းပြီး စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားမှုကြောင့် ချင်းပြည်နယ်က ပြည်သူလူထုတွေထဲ လူမှုစီးပွားဒုက္ခတွေ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာနေသူတွေ ဒုနဲ့ဒေး ရှိလာနေပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်က ဒေသခံ ဆလိုင်းဝီလီယံ (အမည်လွှဲ) ဟာ အင်တာနက်လိုင်းမရရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ မြို့ပေါ်မှာသာ ဖုန်းလိုင်းနဲ့ အင်တာနက်ရနေပြီး 4G အဆင့်တက်နေပေမယ့် ဘာမှ ဖွင့်လို့မရကြပါဘူး။

တချို့က အင်တာနက်လိုင်း ရ, တစ်ရက်၊ မရ, နှစ်ရက် ပုံစံနဲ့မို့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးစတဲ့ လုပ်ငန်းအသီးသီးမှာ အားလုံးခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုလက်ရှိတောင် ဖွင့်နေတာ 4G သာတက်နေတာ ဘာမှကြည့်လို့မရဘူး။ ရှိတယ်ဆိုတဲ့သဘော၊ ဖွင့်တယ်ဆိုတဲ့သဘော ဘာမှလုပ်ကိုင်စားလို့ မရဘူး။ ၁၀၀ မှာ ၈၀ ရာခိုင်းနှုန်း ထိခိုက်တယ်” လို့ ဖလမ်းမြို့ခံ ဆလိုင်းဝီလီယံ (အမည်လွှဲ) က ပြောပါတယ်။

ဖလမ်းမြို့ပေါ်က ဒေသခံအနည်းငယ်ကတော့ WiFi နဲ့ အင်တာနက် သုံးနိုင်ကြပါတယ်။ ဒါပေမယ့် လိုင်းမကောင်းကြဘူးလို့ ဆိုပါတယ်။ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အချိန်မရွေး၊ ဖုန်းလိုင်းဖြတ်တောက်မှုကိုလည်း မကြာခဏ ခံရပါတယ်။

ဖလမ်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံလိုက်ရပြီဆိုရင် အရေးပေါ်ကိစ္စရှိတဲ့ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဟားခါးမြို့နဲ့ နီးကပ်တဲ့ ဖလမ်းမြို့နယ်ထဲက လိုင်းမိတဲ့ ကျေးရွာတွေအထိ ဆင်းပြီး အသုံးပြုကြရပါတယ်။

ချင်းပြည်နယ်က ပြည်သူလူထုတွေ ဒီလိုကြုံတွေ့နေရမှုက ဖလမ်းမြို့နယ်တစ်ခုထဲ မဟုတ်ပါဘူး။ ကျန်တဲ့ ၈ မြို့နယ်မှာလည်း စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို လိုင်းဖြတ်တောက်မှုတွေကို စစ်ရေးဗျူဟာတစ်ခုလို အသုံးပြုနေတယ်လို့ Athan – အသံ အဖွဲ့က ဆိုပါတယ်။

“အင်တာနက်ကို သူတို့ရဲ့ လက်နက်တစ်ခုအနေနဲ့သုံးပြီး လူထုရဲ့ ပါဝင်မှုကို ကန့်သတ်ပစ်လိုက်ချင်တယ်၊၊ တော်လှန်ရေးလှုပ်ရှားမှုကို ထိန်းချုပ်ချင်တယ်။ သတင်းအချက်အလက်စီးဆင်းမှုကို တားဆီးချင်တယ်။ သူတို့ ဒေသအသီးသီးကို ရောက်သွားပြီဆိုရင် သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေ အခွင့်အရေးချိုးဖောက်မှုတွေကို ပြန်ပြီးတော့ အစီရင်ခံလို့မရအောင် ဖြတ်တောက်တာတွေ လုပ်တယ်” လို့ အသံအဖွဲ့၊ သုတေသန ဒါရိုက်တာ ကိုနော်စိုင်းက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံတဝန်းက မြို့နယ်ပေါင်း (၈၀) ဝန်းကျင်ကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေ ပြုလုပ်တယ်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အသံအဖွဲ့က မတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်မှုက တချိန်လုံး ဖြတ်တောက်ထားမှုမျိုး မဟုတ်ပါဘူး။ စစ်ရေးအပါအဝင် ဗျူဟာတစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်မှုကို ဆိုလိုပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ယန္တရားတွေ လည်ပတ်ဖို့ ပြန်ဖွင့်ပြီး အသုံးပြုရမှုလည်း ရှိပါတယ်။

အာဏာသိမ်း ၃ နှစ်တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်လိုက်၊ ပြန်ပေးလိုက်နဲ့ မကြာခဏပြုလုပ်ပြီး တချို့မြို့နယ်ဆိုရင် နှစ်ချီ ဖြတ်တောက်မှုတွေ လုပ်တယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

ချင်းပြည်တောင်းပိုင်းက မတူပီမြို့ခံတစ်ဦးကတော့ “လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အင်တာနက်လိုင်းတွေ သုံးမရတော့လို့ ပြည်ပက ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။ စစ်ကောင်စီရဲ့ဌာနတွေမှာတော့ အင်တာနက်လိုင်း သုံးလို့ရနေပါတယ်” ဟု ပြောသည်။

“ပြီးခဲ့တဲ့ လကဆိုရင် အသိပြည်သူတစ်ဦးက မြေမြှုပ်မိုင်းနင်းမိတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ဆေးရုံးတွေ ပုံမှန် ဖွင့်၊ မဖွင့် မေးမြန်းဖို့ကိစ္စမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားလို့ လူနာနဲ့ မိသားစုအတွက် များစွာ အခက်အခဲကြုံခဲ့ရပါတယ်” လို့ မတူပီမြို့ခံက ပြောပြပါတယ်။

ဒါ့အပြင် ပြည်တွင်း/ပြည်တွင်းပမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေလည်း မသိရတော့သလို အင်တာနက်အခြေပြု လုပ်ကိုင်ရတဲ့ ငွေလွှဲလုပ်ငန်းတွေ၊ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေပါ ရပ်တန့်လုနီးပါး အခြေအနေကို ကြုံတွေ့နေကြရပါတယ်။

အွန်လိုင်းမှ ဈေးရောင်းချမှုကို အဓိက စီးပွားဖြစ်လုပ်ကိုင်တဲ့ တီးတိန်မြို့ခံ အမျိုးသမီးကတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ရလိုက်၊ မရလိုက်နဲ့မို့ အွန်းလိုင်းဈေးရောင်းလို့ မရတော့ဘူးလို့ ပြောပါတယ်။

“ဖုန်းတိုင် ရှိတိုင်းလည်း သုံးစားလို့ကို မရဘူး၊၊ လိုင်းမရတော့ ကျွန်မတို့လိုအတွက် အခက်တွေ့ပြီပဲ။ အွန်လိုင်းကနေ ဈေးရောင်းလို့ မရတော့ဘူး။ ကျွန်မဆို တခြားလုပ်တတ်တာလည်း မရှိဘူး၊၊ အွန်လိုင်းဈေးရောင်းတာပဲ လုပ်တတ်တော့ တော်တော် အခက်တွေ့ပါတယ်” လို့ တီးတိန်မြို့နေ အွန်လိုင်းမှ ဈေးရောင်းသူ အမျိုးသမီးက ပြောပါတယ်။

ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာတော့ ၂၀၂၂၊ နှစ်ကုန်ပိုင်းအထိ အင်တာနက်လိုင်းရတဲ့ ကျေးရွာတချို့ ရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ တစ်မြို့နယ်လုံးက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။ ကန်ပက်လက်မြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တခါတရံမှသာ ရတတ်ပါတယ်။

စစ်ကောင်စီရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်မှုတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ တောင်ပေါ်ဒေသဖြစ်လို့ စစ်ရှောင်တွေထဲ မသေသင့်ပဲ သေဆုံးရတာမျိုးတွေ ဖြစ်ပွားနေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖုန်းနဲ့ အင်တာနက်လိုင်းမရတော့ ဒီဘက်ကို ချိတ်ဆက်မှုက ခက်ခဲပြီး မသေသင့်ပဲ သေဆုံးတာတွေရှိတယ်။ တချို့ အသက်ကြီးတဲ့လူတွေ၊ လူနာတွေ သွားရေးလာရေးခက်ခဲတဲ့အပြင် ဖုန်းနဲ့တောင် ဆေးလှမ်းကုနိုင်ဖို့က အဆင်မပြေတဲ့ အနေအထားမျိုးဆိုတော့ ဆုံးရှံးတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လေကြောင်းနှင့် လက်နက်ကြီး စသည့် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၆၀ ကျော် သေဆုံးမှုထဲမှာ ဆေးဝါးလုံလောက်စွာ ကုသမှု မရရှိလို့ သေဆုံးရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ပညာရေးကဏ္ဍမှာလည်း ဆက်သွယ်ရေးများကို ဖြတ်တောက်ခံရမှုက ချင်းပြည်က ကလေးငယ်နဲ့ လူငယ်တွေ ပညာသင်ကြားခွင့်မှာ ပိုဆုံးရှုံးရစေတယ်လို့ ထောက်ပြပါတယ်။

ကန်ပက်လက်ပြည်သူတချို့ဟာ အရေးပေါ်ကိစ္စကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်အသုံးပြုချင်ပါက လိုင်းမိတဲ့နေရာကို ညအိပ်သွားပြီး ဆက်သွယ်ပြောဆိုရတာကြောင့် အာဏာမသိမ်းမီက လွယ်ကူရိုးရှင်းတဲ့ ဆက်သွယ်ရေးဟာ ခုချိန်မှာ အပိုကုန်ကျစရိတ်တွေနဲ့ သီးသန့်အားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခု ဖြစ်လာနေပါတယ်။

အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်က ပြည်သူအများအပြားဟာ ရေကြည်ရာ၊ မြက်နုရာ ပြည်ပနိုင်ငံထွက်ပြီး လုပ်ကိုင်နေကြရချိန်မှာ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရမှုက မိသားစုတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေ ကြပါတယ်။

အာဏာမသိမ်းခင်ကာလက မိသားစုထဲမှာ သာရေး၊ နာရေးဖြစ်ပွားပါက အင်တာနက် Video Call နဲ့ အဝေးက တက်ရောက်ဖြေသိမ့်နိုင်ပေမယ့် ခုချိန်မှာ အဲလို မရနိုင်တော့တဲ့အခြေအနေ ဖြစ်နေပါပြီ။

ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ ကြိုတင်သတင်းပေးချိန်မရလို့ မရှောင်တိမ်းနိုင်တာကြောင့် ဒေသခံတွေ ဖမ်းဆီးနှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေလည်း ကန်ပက်လက်မှာ ရှိခဲ့ဖူးပါတယ်။

စစ်ကောင်စီဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေကို တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ဗျူဟာမြောက်စွာနဲ့ ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတယ်လို့ Athan – အသံ အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ ၎င်းတပ်သားတွေကို သက်ဆိုင်ရာစစ်ဒေသကို ပိုဖို့နဲ့ ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ စစ်ခေါင်းဆောင်တွေ တစ်မြို့နယ်ကနေ တစ်မြို့နယ် သွားလာခြင်း၊ ထိုးစစ်အတွက် ပြင်ဆင်ခြင်းနဲ့ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လေ့ရှိတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

လူထုရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထိန်းချုပ်ဖို့၊ တော်လှန်ရေးအင်အားစုတွေက လူထု သို့မဟုတ် သတင်းသမားတွေနဲ့ အွန်လိုင်းမှ တွေ့ဆုံဖို့ ကြိုးစားတဲ့အခါမှာလည်း ဖြတ်တောက်ပါတယ်။ ဒီထက်များတဲ့ အကြောင်းရင်တွေလည်း ရှိနိုင်ပါတယ်လို့ အသံအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုဟာ ချင်းပြည်နယ်ရဲ့ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေ လူသားစာနာ အကူအညီ လိုအပ်နေမှုကို ဖုံးကွယ်ခံထားရသလို ဖြစ်နေတယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေကလည်း ပြောပါတယ်။

“လူသားစာနာအကူအညီတွေက်ို ဘယ်လိုအခြေအနေနဲ့ ရနိုင်သလဲဆိုတာကို ပြောပြနိုင်တဲ့အခြေအနေမှာ မရှိတော့ဘူး။ လူတွေက ဘယ်ရောက်နေလဲ၊ ၊ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သုတေသနတွေ လုပ်လို့မရတော့ဘူး ဆိုတော့ ပို့ဖို့အတွက် အခက်အခဲအများကြီး ဖြစ်ကုန်တယ်၊ ဆေးဝါးတွေအပါအဝင်ပေါ့နော်” လို့ အသံအဖွဲ့ဝင် ကိုနော်စိုင်းက ပြောပါတယ်။

ချင်းတောင်ပိုင်းက ပလက်ဝမြို့နယ်မှာ လာမယ့်မိုးရာသီ စိုက်ပျိုးချိန်မှာ ဒေသခံသောင်းချီဟာ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ မရပါက ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌက ပြောပါတယ်။

ပလက်ဝမှာ NGO INGO နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှု ပမာဏအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ကန်ပက်လက်မြို့နယ်မှာလည်း ဒေသခံပြည်သူတချို့ဟာ စားဝတ်နေရေးကျပ်တည်းမှုတွေ ပိုများပြားလာနေပါတယ်။

မတ်လ ၂၁ ရက်က ချင်းပြည်တောင်ပိုင်းကို တိုက်ခတ်သွားတဲ့ မုန်တိုင်းဟာ ထိခိုက်ပျက်စီးမှု အိမ်ခြေက ရာဂဏန်းမျှသာ ရှိတယ်လို့ အစောပိုင်းရက်မှာ ပကဖတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အိမ်ခြေ တစ်ထောင်ကျော် ထိခိုက်ပျက်စီးနေခဲ့ပါတယ်။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရလို့ ပျက်စီးဆုံးရှုံးမှုတွေကို အချိန်မှီ မသိရှိခဲ့ရသလို လိုအပ်နေတဲ့ အကူအညီတွေကို ထောက်ပံ့နိုင်ဖို့လည်း ခက်ခဲနေပါတယ်။

“သတင်းအချက်အလက် ရပိုင်ခွင့်၊ သိပိုင်ခွင့်က ပြည်သူတိုင်းရဲ့ အခြေခံဖြစ်တယ်။ ကောင်းတဲ့သတင်းဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းဖြစ်ဖြစ် အဲဒီကနေ ပြည်သူတွေက ကိုယ့်ရဲ့ လူမှုစီးပွားဘဝကို တည်ဆောက်ရတာဖြစ်တယ်။ ဒါက အရမ်းအရေးကြီးပါတယ်” လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလိုပြည်သူတစ်ဦးတစ်ယောက်ရဲ့ အခြေခံ သိပိုင်ခွင့်နဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ပိတ်ပင်မှုဟာ လူ့အခွင့်အရေးအရလည်း ပြစ်မှုကျူးလွန်ရာ ရောက်သလို၊ မြေပြင်မှာ စစ်ရေးအရ ရည်ရွယ်ချက်ရှိရှိ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ဖြတ်တောက်အသုံးချမှုဟာ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်လို့ ဒေသခံတွေနဲ့ အသံဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ရေးအရှိန် ပိုမိုမြင့်မာလာနေတဲ့ ပြည်တွင်းစစ်အတွင်း တောင်ပေါ်ဒေသ ဖလမ်းမြို့မှာ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဆလိုင်းဝီလီယံကတော့ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ WiFi မဖြတ်တောက်ရေး ဆုတောင်းရင်း နေထိုင်နေပါတယ်။

အဲလိုမဟုတ်ဘဲ လိုင်းတွေ ဖြတ်တောက်ခံရချိန် အရေးကြီးကိစ္စပေါ်လာရင် ချင်းပြည်စစ်ကောင်စီအစိုးရ၊ ရုံးစိုက်ရာ ဟားခါးမြို့အနီးက ရွာဘက်ကို အင်တာနက်လိုင်းသုံးနိုင်ဖို့ သွားနေရဦးမှာပါ….။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.