ချင်းပြည်နယ်ရှိ တောင်ယာလုပ်ကိုင်သူများနှင့် ခရီးသွားလာသူ မိဘပြည်သူများအတွက် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန် ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ်မှ ကင်းဝေးစေရန်
၁။ မြေမြှုပ်မိုင်းအန္တရာယ် သတိပြုရန် အချက်ပြလက္ခဏာများ
မြေပြင်တွင် အောက်ပါအချက်များကို တွေ့ရှိပါက မိုင်းအန္တရာယ်ရှိနိုင်သဖြင့် အထူးသတိပြုပါ –
- သဘာဝမဟုတ်သော အရာများ: မြေကြီး အရောင်ပြောင်းနေခြင်း၊ မြေစာပုံအသစ်များရှိနေခြင်း သို့မဟုတ် ဖုံးအုပ်ထားသည့် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်များ ပုံမှန်မဟုတ်ဘဲ ရှိနေခြင်း။
- အမှတ်အသားများ: သစ်ပင်တွင် အမှတ်အသားလုပ်ထားခြင်း၊ ကျောက်ခဲများ စီထားခြင်း သို့မဟုတ် ဒေသခံများက သတိပေးချက်အဖြစ် တားဆီးထားသော အရာများ။
- ပစ္စည်းအကြွင်းအကျန်များ: ဝါယာကြိုးစများ၊ ဘက်ထရီခွံများ၊ မိုင်းထည့်သည့် ဘူးခွံများနှင့် စစ်အသုံးအဆောင် ပစ္စည်းဟောင်းများ။
- သေဆုံးနေသော တိရစ္ဆာန်များ: တောလမ်း သို့မဟုတ် တောင်ယာအတွင်း တိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ သေဆုံးနေခြင်း သို့မဟုတ် ဒဏ်ရာရနေခြင်း။
၂။ တောင်ယာလုပ်ကိုင်သူများအတွက် ဆောင်ရန်/ရှောင်ရန်
- လမ်းသစ်မဖောက်ပါနှင့်: ပုံမှန်အသုံးပြုနေကျ လမ်းကြောင်းဟောင်းများကိုသာ အသုံးပြုပါ၊ လမ်းဖြတ်သန်းခြင်း သို့မဟုတ် လမ်းသစ်ထွင်ခြင်းကို အထူးရှောင်ကြဉ်ပါ။
- ထူးဆန်းသောအရာများကို မကိုင်ပါနှင့်: တောင်ယာခုတ်စဉ် သို့မဟုတ် တောရှင်းစဉ် ထူးဆန်းသော သံထည်ပစ္စည်း သို့မဟုတ် ပလတ်စတစ်ဘူးခွံများ တွေ့ရှိပါက လုံးဝ (လုံးဝ) မထိပါနှင့်၊ မကိုင်ပါနှင့် ။
- ခြုံနွယ်ထူထပ်သောနေရာ: ကြာရှည်စွာ ပစ်ထားသော တောင်ယာဟောင်းများနှင့် ခြုံနွယ်ထူထပ်သော နေရာများသို့ မဝင်ရောက်မီ အထူးသတိထား စစ်ဆေးပါ။
- မီးရှို့ခြင်း: တောင်ယာမီးရှို့ရာတွင် မြေကြီးထဲ၌ မြုပ်နေသော မိုင်း သို့မဟုတ် စစ်လက်ကျန်ပစ္စည်းများ အပူရှိန်ကြောင့် ပေါက်ကွဲနိုင်သည်ကို သတိပြုပါ။
၃။ ခရီးသွားလာသူများအတွက် အထူးသတိပေးချက်
- သတင်းမေးမြန်းပါ: ခရီးမထွက်မီ မိမိသွားမည့်လမ်းကြောင်းတွင် တိုက်ပွဲဖြစ်ပွားမှု ရှိ၊ မရှိနှင့် မိုင်းအန္တရာယ် သတင်းများကို ဒေသခံများထံ ကြိုတင်မေးမြန်းပါ ။
- တပ်စခန်းဟောင်းများ: ယခင်က လက်နက်ကိုင်များတပ်စွဲထားသော နေရာများ၊ ကင်းပုန်းဝပ်ခဲ့သည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများအနီးသို့ ချဉ်းကပ်ခြင်း၊ နားခိုခြင်း လုံးဝမပြုလုပ်ပါနှင့် ။
- အသိပေးဆိုင်းဘုတ်များ: “မိုင်းအန္တရာယ်” သတိပေး ဆိုင်းဘုတ်များ သို့မဟုတ် ဒေသအစီအစဉ်ဖြင့် တားဆီးထားသော လမ်းကြောင်းများကို တိကျစွာ လိုက်နာပါ။
၄။ မိုင်းနင်းမိခြင်း သို့မဟုတ် တွေ့ရှိခြင်းဖြစ်ပါက ဘာလုပ်မလဲ?
- မလှုပ်ပါနှင့်: မိုင်းရှိသည်ဟု သံသယရှိသောနေရာသို့ ရောက်သွားပါက ဆက်မသွားပါနှင့်၊ နောက်သို့လည်း ပြန်မလှည့်ပါနှင့်၊ ရပ်နေသည့်နေရာ၌သာ ငြိမ်ငြိမ်နေပါ။
- အကူအညီတောင်းပါ: အနီးအနားရှိသူများကို အော်ဟစ်အကူအညီတောင်းပါ၊ သို့သော် အခြားသူများအား မိမိထံသို့ လျှောက်မလာရန် သတိပေးပါ။
- ခြေရာအတိုင်းပြန်ထွက်ပါ: အကယ်၍ အနောက်သို့ ပြန်ဆုတ်ရမည်ဆိုပါက မိမိလာခဲ့သော ခြေရာအတိုင်းသာ အတိအကျ ပြန်နင်း၍ ဖြည်းညှင်းစွာ ဆုတ်ခွာပါ။
- သတင်းပို့ပါ: မိုင်းတွေ့ရှိသည့်နေရာကို အဝေးမှနေ၍ မှတ်သားပြီး သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ သို့မဟုတ် ကျေးရွာလူကြီးများကို ချက်ချင်း အကြောင်းကြားပါ။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုင်းကြောင့် ထိခိုက်သူ ၈၆ ရာခိုင်နှုန်းမှာ အရပ်သားပြည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် “မသိလျှင် မကိုင်နှင့်၊ မသေချာလျှင် မသွားနှင့်” ဟူသော ဆောင်ပုဒ်ကို အမြဲနှလုံးသွင်းကာ မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

