ချင်းတောင်ပိုင်းမှာ တိုက်ပွဲများ ပြင်းထန်နေဟုဆို
(006SV)
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့ကို ၅ လနီးပါ ထိုးစစ်ဆင်နေသော အာဏာသိမ်း စစ်တပ်၏ ထပ်မံဖြည့်တင်းလာသော တပ်မ ၇၇ စစ်ကြောင်းတစ်ခုသည် လောင်းရှည်- ကျင်ဒွေးလမ်းပိုင်းရှိ မဆာတွီရွာကို ဝင်ရောက်နေရာယူထားပြီး ဆွဲလွဲကျင်းရွာနှင့် အင်ဘူးရွာတို့တွင်လည်း စခန်းချနေကြောင်း သိရသည်။
မကွေးတိုင်း၊ ယောဒေသ၊ လောင်းရှည်မြို့မှတဆင့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဦးတည်ပြီး စက်တင်ဘာလ ၂၆ ရက်မှ စတင်၍ တပ်မ ၇၇ မှ အင်အားအလုံးအရင်းသည် လေကြောင်းပစ်ကူများ ရယူလျက် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်ရေးစောင့်ကြည့်သူများထံမှ သိရသည်။
ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ အသေးစိတ်ကို မသိရှိသေးကြောင်း ချင်းတောင်ပိုင်းမှ သတင်းရင်းမြစ်တချို့က ပြောသည်။
စက်တင်ဘာလ ၂၆ ရက် ဆွဲလွဲကျင်းရွာဖက်ကို စစ်ကြောင်းထိုးလာသော တပ်မ ၇၇ ဗျူဟာမှူး ဦးစီး စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်က မဆာတွီရွာကို အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်လာပြီး ဆွဲလွဲကျင်းနှင့် အင်ဘူးရွာတို့တွင်လည်း နောက်ချန်တပ်များ နေရာယူထားကြောင်း ချင်း- မကွေးအခြေအနေများကို ဖော်ပြနေသော ယောအလင်းတန်ကလည်း ရေးသားသည်။
စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်တပ်မှ တပ်မ ၇၇ ၏ နည်းဗျူးဟာတစ်ခုသည် လောင်းရှည်- ကျင်ဒွေးလမ်းပိုင်းရှိ မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူးရွာတို့တွင် တပ်ဖြန့်နေရာယူထားသည်ဟု ပြောသည်။
“ကျင်ဒွေးဘက်ကတော့ မနေ့ကတော့ မဆာတွိကျေးရွာမှာပဲ ရှိသေးတယ်။ မဆာတွီကျေးရွာကို ရှေ့ပြေးတပ်တွေ ရောက်တယ်။ ဆွဲလွဲကျင်မှာတော့ ပင်မတပ်။ အင်ဘူး ဘက်မှာက နောက်ရံတပ်ဆိုပြီး တပ်မ ၇၇ ရဲ့ နည်းဗျူဟာတစ်ခု တပ်ဖြန့်ထားတာကို တွေ့ရတယ်။ လက်ရှိမှာ ကျင်ဒွေးဘက်က အဖွဲ့တွေ ၊ ဒေသခံတွေ ရှောင်ပြေးနေရတယ်လို့ သိရပါတယ်။ ဒီနေ့တော့ တိုက်ပွဲ အခြေအနေက မသိရသေးပေမယ့် ရွာတွေကိုတော့ မီးရှို့နေပြီးလို့ သိရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ကျင်ဒွေးလမ်းမပေါ်တွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှု ရှိနေသကဲ့သို့ စစ်တပ်မှလည်း ထိခိုက်ကျဆုံးမှု များကြောင်း၊ ချင်းပူးပေါင်းမှ ရဲဘော်များသည် လေကြောင်းနှင့် ဒရုန်းကြောင့် ကျဆုံးခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်တချို့က ပြောသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ကျင်ဒွေးလမ်းမ ဘက်သို့ ထပ်မံထိုးစစ်ဆင်လာခြင်းမှာ CPU/ CPA နှင့် ULA/ AA တို့၏ နောက်ဆုံး ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာစောင့်ကြည်သူများက ပြောသည်။
ကျင်ဒွေးလမ်းမသည် CPU/ CPA နှင့် ULA/ AA အတွက် နိုင်ငံရေး၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် စစ်ရေးစစ်ဗျူဟာအရ အချက်အခြာကျသော နယ်မြေတစ်ခုဖြစ်နေသည်ဟု သိရသည်။
ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ပြီး ၃ နှစ်နီးပါးအကြာမှာ စစ်တပ်က ပထမဆုံးအကြိမ် အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
မကွေး၊ ယောဒေသနှင့် ချင်းတောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသော စစ်တပ်သည် ယခုနှစ် မေလလယ်မှစတင်၍ ၅ လတာအတွင်း အင်အား ၄၅၀၀ ဝန်းကျင်ဖြင့် ယောဒေသနှင့် ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်ကြောင်း သိရသည်။

