(006SV)
အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေး ရလဒ်များကို ဖော်ဆောင်ပေးရန် ချင်းပြည်အစိုးရနှင့် ချင်းပြည်လွှတ်တော်အပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၇ ဖွဲ့က တောင်းဆိုသည်။
အာဆီယံ ခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာအဖြစ် ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းနှင့်ပြည်နယ် ၁၂ ခုတို့မှ ဒေသအစိုးရနှင့် လွှတ်တော် အင်အားစု ၊ စုစုပေါင်း ၁၇ ဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများက စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံမှုများ၏ ဦးတည်ချက်အပေါ် စိုးရိမ်မိကြောင်း အဆိုပါအင်အားစုအဖွဲ့က အသိပေးထုတ်ပြန်သည်။
ယင်းထိတွေ့ ဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒနှင့် မျှော်မှန်းချက်များကို ထင်ဟပ်သော လက်တွေ့ နိုင်ငံရေးရလဒ်များ မကင်းကွာသွားစေရန် လိုအပ်ကြောင်း အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားသည်။
“မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းရာမှာ ထိတွေ့ဆက်ဆံမှု ကိုယ်တိုင်သည် ရည်မှန်းချက် တစ်ခု မဖြစ်သင့်သကဲ့သို့ အဓိပ္ပါယ်ရှိသော တိုင်းတာနိုင်သည့် တိုးတက်မှုများ မရရှိဘဲ နိုင်ငံရေး တရားဝင်မှုကို ပေးအပ်သကဲ့သို့ မဖြစ်သင့်ပါ” ဟု အိတ်ဖွင့်ပေးစာမှာ အသိပေးထားသည်။
စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် မည်သည့် ထိတွေ့ဆက်ဆံမှုများကို မဆို အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှု ရှိ၊ မရှိ အပေါ် အခြေခံ၍ အကဲဖြတ်သင့်ကြောင်း တော်လှန်ရေးအင်အားစုများက တောင်းဆိုသည်။
ယင်းရည်မှန်းချက်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ ပါ ရည်ရွယ်ချက်များနှင့် ကိုက်ညီသကဲ့သို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးနှင့် အားလုံးပါဝင်နိုင်သော ကိုယ်စားပြုမှု ရှိသော ဆွေးနွေးမှုများ ဖော်ဆောင်ရေးကို အလေးထားခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှု ဖြစ်နိုင်သော ချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံနေရသူများနှင့် ထိတွေ့ဆက်ဆံရာ၌ တာဝန်ခံမှု ရှိစေရေးကို အားနည်စေခြင်း သို့မဟုတ် အပြစ်ပေး အရေးယူမှုမှ ကင်းလွတ်ခွင့် ရသကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေခြင်း မရှိစေချင်ကြောင်း တော်လှန်ရေးအင်အားစုများက အာဆီယံ ခေါင်းဆောင်များထံ တောင်းဆိုသည်။
“ထိုသို့သော အထင်အမြင်မျိုး ဖြစ်ပေါ်လာပါက အာဆီယံ၏ ယုံကြည်စိတ်ချရမှု၊ အဖွဲ့အစည်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါသည်” ဟု တော်လှရေးအင်အားစုများက စုပေါင်းထုတ်ပြန်သည်။
အာဆီယံ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ထိတွေ့ ဆက်ဆံမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ ပါ ရည်မှန်းချက်များနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးတို့နှင့် ကိုက်ညီစေရေး ဆောင်ရွက်ပေးရန်လည်း အဆိုပါအင်အားစုများက တိုက်တွန်းသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သော လက်တွေ့နိုင်ငံရေး တိုးတက်မှုများအဖြစ် ဖော်ဆောင်ပေးနိုင်သည့်အခါမှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိမည်ဟု သိရသည်။
အာဆီယံခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ် လွှတ်တော် ၃ ရပ် ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်လွှတ်တော်နှင့် ချင်းပြည်အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူးဖက်ဒရယ် ယူနစ်လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အစိုးရ၊ မန္တလေး ဒေသလွှတ်တော်နှင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် လွှတ်တော်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီ ဖက်ဒရယ်ယူနစ်လွှတ်တော်တို့ စုပေါင်း ပေးပို့ခြင်းဖြစ်သည်။

