အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်အစိုးရ ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲသည် အမေရိကန်ပြည်ထောင်စု Washington DC, State department ကတာဝန်ရှိသူများနှင့် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအခြေအနေကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ပညာရေးဝန်ကြီးက မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအား လက်ခံကြည့်ရှုစောင့်ရှောက်မှုအခြေနေ၊ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ကလေးသူငယ်များအခွင့်အရေးပြဒါန်းချက်အရ စစ်ဘေးရှောင်ကလေးငယ်များအား ကျောင်းပညာ သင်ကြားပေးသည့်အခြေအနေ၊ ကျောင်းသုံးစာအုပ်များနှင့် နေ့လည်စာများလည်း အခမဲ့ကျေးမွေးလျှက်ရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်ဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလက်ရှိတွင် စစ်ဘေးရှောင်ကလေးငယ် များလာသည်နှင့်အမျှ လိုအပ်ချက်များလည်း မြင့်မားလာသည့်အတွက် ကူညီဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်း မလုံလောက်မှုကြောင့် အခက်အခဲကြုံနေရသည့်ကိစ္စကိုလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ပညာရေးဝန်ကြီးက ဆိုသည်။
အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူများကလည်း မြန်မာစစ်ဘေးရှောင်များအား လက်ခံကြိုဆိုစောင့်ရှောင့်မှုအပေါ် မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းနှင့် မီဇိုရမ်ပြည်သူလူထုအပေါ် ဝမ်းသာကြောင်း၊ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အမေရိကန်အနေနှင့် မီဇိုရမ်အစိုးရ၊ အိန္ဒိယအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။