(06SV)
မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ စခန်းတချို့နှင့် စိုက်ခင်းများ မိုးကြီး ရေလျှံမှုများကြောင့် ပျက်စီးသွားသည်ဟု သိရသည်။
ဩဂုတ်လအတွင်း မကွေးတိုင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ ရေကြီးမှုများကြောင့် အရှိုချင်းပြည်သူကာ ကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်ဆက်ဆံရေးစခန်းမှ ရုံးအဆောင်တစ်လုံး၊ အိမ်သာတစ်လုံး၊ စာဖိုဆောင် တစ်လုံး၊ ကြက်ခြံတစ်ခု ပျက်စီးသွားသည်ဟု အရှိချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက ပြောသည်။
ထို့အပြင် နောက်တန်းစခန်းတွင် ရဲဘော်တပ်စိတ် နှစ်ဆောင်၊ စားဖိုဆောင် တစ်ဆောင် ပျက်စီးမှုရှိပြီး တပ်စိတ် (၄) စိတ်ကို ဖူလုံးစေသည့် ဖရုံ၊ သခွား၊ ဗူး၊ ခရမ်းသီး စသဖြင့် စိုက်ပျိုးထားသော တစ်ဧကခန့်ရှိသော စိုက်ခင်းများလည်း အားလုံး ပျက်စီးသွားသည်။
“ခက်ခဲတယ်ဆိုပေမဲ့ ပြည်သူတွေကို အကူအညီတောင်းတာ မဟုတ်ပဲနဲ့ ကျနော်တို့ အောင်မြင်တဲ့အချိန်မှာ မျှဝေတယ်။ ဒုက္ခရောက်တဲ့ အချိန်မှာလည်း မျှဝေတဲ့ သဘောပေါ့။ ဒီလိုသဘာဝ ဘေးအန္တရာယ်ကို ကြုံရတဲ့အခါမှာ စိတ်ပျက်မသွားဘူး။ ကျနော်တို့ ကြံကြံခံပြီးတော့ ဒီအခက်အခဲကို ရင်ဆိုင်နိုင်တယ်ပေါ့။ ဒါကို ပြည်သူကို မက်ဆေ့ပေးချင်တယ်။ စိတ်မပျက်ကြဖို့ပေါ့” ဟု ဆလိုင်ခနီးလေဗွေက ပြောသည်။
အရေးကြီးသော စာရွက်စာတမ်းများနှင့် ရဲဘော်ရဲမေများကို ဘေးလွတ်ရာကို ရွေ့ပြောင်းနိုင်ခဲ့ပြီး ပျက်စီးသွားသော အဆောင်အဦးများကို ရဲဘော်၊ ရဲမေများ ပြန်လည်ပြင်ဆင်နေကြသည်။
အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) သည် ဧရာဝတီမြစ်အနောက်ခြမ်း၊ မကွေးတောင်ပိုင်းတွင် စစ်အာဏာရှိကို တော်လှန်နေသာ ချင်းတပ်ဖွဲ့တစ်ခုဖြစ်သည်။